တော်လှန်ရေးမှာ ရေသာခိုအချောင်လိုက် ကိုယ်ကျိုးရှာသူများပပျောက်ပါစေ။ (နှစ်သစ်ကူးဆုတောင်း)

ကျွန်တော်ငယ်စဉ်ကတည်းက နှစ်သစ်ကူးချိန်ရောက်တိုင်း လိုချင်တာတခုခုကိုတော့ အမြဲဆုတောင်းလေ့ ရှိပါတယ်။ ၂၀၀၉ခုနှစ်မှာတော့ ထူးထူးခြားခြားဆုတောင်းမိတာက `တော်လှန်ရေးမှာ ရေသာခိုအချောင်လိုက် ကိုယ်ကျိုးရှာသူများ ပပျောက်ပါစေ´ လို့ဆုတောင်းမိပါတယ်။
ဒီလိုဆုတောင်းရတာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့မြန်မာပြည်သူလူထုဟာ အာဏာရှင် မ-ဆ-လ၊ န-၀-တ၊ န-အ-ဖကို နည်းမျိုးစုံနဲ့ တွန်းလှန်တိုက်ပွဲဝင်နေတာ ရာစုနှစ်ထက်ဝက်နီးပါးရှိပါပြီ၊ အခုချိန်ထိတော့ အောင်မြင်မှု မရသေးပါဘူး။ မအောင်မြင်ရသေးတဲ့ အကြောင်းတရားကလည်း အမျိုးမျိုးရှိနိုင်ပါတယ်၊ ခေါင်းဆောင်ကောင်းရှိပေမဲ့ နောက်လိုက်ကောင်းများမရှိတာ၊ နောက်လိုက်ကောင်းဖြစ်မဲ့သူတွေကို အာဏာရှင်တွေက ထိန်းချုပ်ထားနိုင်တာ၊ ဦးသန့်၊ မှိုင်းရာပြည့် အရေးအခင်းတွေကအစ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးထိအောင် အာဏာရှင်တွေဘက်က ဥပဒေမဲ့သတ်ဖြတ်မှုတွေကြောင့် ပြည်သူလူထုအပေါ်အကြောက်တရားကကြီးစိုးနေတာ စတဲ့အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးကတော့ အာဏာရှင်စနစ်ကို တော်လှန်မယ်လို့ ကြွေးကြော်နေတဲ့ ပုဂ္ဂိုလ်တချို့ကိုယ်တိုင် အာဏာရှင်ဆန်ဆန် ကျင့်သုံးနေတာ၊ တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေတာ၊ နောက်ပြီး တော်လှန်ရေးအပေါ်ခွထိုင်နေပြီး သာတဲ့ဘက်က ရပ်တည်နေတာ၊ ဒီလို အခွင့်အရေးသမား စုန်းပြူးတွေ ရေသာခိုအချောင်လိုက် ကိုယ်ကျိုးရှာသူတွေကြောင့် ကျွန်တော်တို့တော်လှန်ရေးကြီး ကြန့်ကြာနေရတာလို့ တွေးမိပါတယ်။
တော်လှန်ရေးသဘောကိုလည်း ကျွန်တော့်အမြင်တင်ပြလိုပါတယ်၊ မတရားတဲ့ဖိနှိပ်မှု၊ မတရားတဲ့အုပ်ချုပ်မှု၊ မတရားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေသမျှတော့ တော်လှန်ရေးဆိုတာ ဖြစ်ပေါ်နေဦးမှာပါ။ ခေတ်အဆက်ဆက်ကလည်း တော်လှန်ရေးတွေရှိခဲ့ပါတယ်။ လူတန်းစားတရပ်ရဲ့ မတရားဖိနှိပ် အုပ်ချုပ်မှုကို လူတန်းစာတရပ်က တွန်းလှန်ဖယ်ရှားပစ်ဖို့ ကြိုးပမ်းတာ တော်လှန်ရေးပါပဲ။
ဒီလို တော်လှန်ရေးကာလမှာရှိနေတဲ့ လူတွေကို အမျိုးအစားခွဲလိုက်ရင် လူတန်းစားနှစ်ရပ်ရပါတယ်။ ဖိနှိပ်သူလူတန်းစားနဲ့ အဖိနှိပ်ခံလူတန်းစားပါ။
ဖိနှိပ်သူလူတန်းစားမှာ အာဏာနဲ့လက်နက်ကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လူနည်းစုဖြစ်ပြီး ကွဲပြားမှုတော့ သိပ်မရှိတတ်ပါဘူး အားလုံးဟာ အခွင့်ထူးခံလူတန်းစားဆိုတဲ့မှုနဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အခွင့်အရေးများ လက်မလွတ်ရေးအတွက်သာ ဦးတည်နေပါတယ်။
ဖိနှိပ်ခံလူတန်းစားများမှာတော့ အမျိုးမျိုးကွဲပြားနိုင်ပါတယ်၊ ဒီအထဲက တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတန်းစားများကိုသာ ခွဲခြားတင်ပြလိုပါတယ်။ တော်လှန်ရေးတရပ်ဆင်နွဲနေတဲ့အချိန်မျာ…
(၁) တော်လှန်ရေးကြီးအောင်မြင်အောင် သက်စွန့်ကြိုးပမ်းပြီး ဦးဆောင်တိုက်ပွဲဝင်နေသူများ။
(၂) ဦးဆောင်တိုက်ပွဲဝင်နေသူများနောက်မှ ကိုယ်တိုင်ကိုယ်ကျ ရဲရဲဝံ့ဝံ့ လိုက်ပါတိုက်ပွဲဝင်နေသူများ။
(၃) အကြောင်းကြောင်းကြောင့် တော်လှန်ရေးအတွင်းမှာ အတူလက်တွဲပါဝင်နိုင်ခြင်းမရှိသော်လည်း တိုက်ပွဲဝင်နေသူများအတွက် နောက်မှ လိုအပ်သော လူအင်အား၊ ငွေအင်အား၊ စိတ်ဓါတ်အင်အား စတဲ့ ထောက်ပံ့ပေးနေသူများ။
(၁)နဲ့(၂)က လေးစားဂုဏ်ပြုလောက်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေပါ၊ ဒီအထဲကမှ အသက်စွန့်သွားကြတဲ့ အာဇာနည် သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ရတာပါ။
(၃) ကလည်း တကယ်လိုအပ်တဲ့ အားကိုးရတဲ့လူတန်းစားပါ၊ တော်လှန်ရေးမှာ မပါဝင်ရကောင်းလားဆိုပြီး အပြစ်မတင်ထိုက်ပါဘူး၊ ဒီလူတန်းစာဟာ တော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေသူတို့အတွက် ထောက်ပံ့ပေးနေတဲ့ အသက်သွေးကြောပါပဲ။ လေးစားထိုက်ပါတယ်။
ကျွန်တော်အထူးပြောလိုတာက တော်လှန်ရေးထဲမှာလဲ ပါဝင်ပတ်သက်နေတယ်၊ အထက်ကပြောခဲ့တဲ့ လူတန်းစား (၃)မျိုးစလုံးမှာမပါတဲ့ `တော်လှန်ရေးမှာ ရေသာခိုအချောင်လိုက်ပြီး ကိုယ်ကျိုးရှာသူများ´ပါ။ ဒီလူတွေဟာ တော်လှန်ရေးကို နှောင့်နှေးအောင် ကြန့်ကြာအောင်လုပ်နေတဲ့ လူတန်းစားပါ။ ဒီလိုလူတွေကို တော်လှန်ရေးကာလ ခေတ်အဆက်ဆက်မှာ အသွင်အမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ တော်လှန်ရေးကိုအကြောင်းပြပြီး ကိုယ်ကျိုးစီးပွား ရှာနေတာကို တွေ့နိုင်ပါတယ်။ ဒီလိုလူတွေဟာ တော်လှန်ရေးကို စီးပွားရေးအသွင်နဲ့ အချင်းချင်းသွေးကွဲအောင်လည်း သွေးထိုးလှုံ့ဆော်တတ်ပါတယ်။
နောက်ပြီး တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓါတ်ကျလာတတ်တာ၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်အချင်းချင်း ခံယူချက်တွေ၊ အယူအဆတွေ၊ လုပ်ဆောင်ချက်တွေ သဘောကွဲလွဲကုန်ပြီး သွေးကွဲတတ်တဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် မျိုးချစ်တော်လှန်ရေးသမားများအနေနဲ့ အထူးသတိထား သင့်ပါတယ်။ ပြီးတော့ အာဏာရှင် အခွင့်ထူးခံလူတန်းစားတို့ရဲ့ လုပ်ရပ်နဲ့လမ်းစဉ်ကို တော်လှန်နေကြတဲ့ ကျွန်တော်တို့ကိုယ်တိုင် အခွင့်ထူးခံလူတန်းစားတို့ရဲ့လမ်းစဉ်ကို မကျင့်သုံးမိဖို့လည်းလိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ဘက်ပေါင်းစုံကချွတ်ခြုံကျနေပါပြီ တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ အာဏာရှင် န-အ-ဖ ရဲ့ စနစ်ဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်းစေဖို့အတွက် အလွန်အရေးကြီးနေပါပြီ၊ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲဆိုရင် မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ်နဲ့မဆိုင်သလို ခေါင်းရှောင်မနေသင့်တော့ပါဘူး၊ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမယ် ဆိုတဲ့ အသိစိတ်ဓါတ် လူတိုင်းမှာရှိဖို့လိုအပ်နေပါပြီ၊ ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တချို့ရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကို မကြိုက်နှစ်သက်လို့ မယုံကြည်လို့ မလုပ်တော့ဘူးဆိုတဲ့ လွဲမှားတဲ့ခံယူချက်မျိုးလည်း မထားသင့်ပါဘူး၊ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်ကျင့်ကြံပြီး လုပ်စရာရှိတဲ့အလုပ်ကို ပြီးမြောက် အောင်မြင်တဲ့အထိ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ရမှာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်းပြီး တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ မြန်မာနိုင်ငံသားတိုင်း အသိစိတ်ဓါတ်မြင့်မားစွာနဲ့ တော်လှန်ရေးကို အင်ပြည့်အားပြည့် ဆင်နွဲနိုင်ကြပါစေ။

တော်လှန်ရေးမှာ ရေသာခိုအချောင်လိုက် ကိုယ်ကျိုးရှာသူများကို ဖေါ်ထုတ်ဖယ်ရှားနိုင်ပါစေ။


0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP