ဗမာ့အရေးတော်ပုံ

နိဒါန်း

ဤစာအုပ်ကိုရေးသားရခြင်းမှာ လက်ရှိ မြန်မာပြည်ခေါင်းဆောင်တို့သည် မြန်မာတိုင်းသူပြည်သားတို့အား လှည့်ဖြားပြီးလျင် မိမိတို့ ကိုယ်ကျိုးသာ ရှာနေကြသည်တကြောင်း။

ထိုပုဂ္ဂိုလ်တို့ကို အားပေးအားမြှောက်လုပ်နေသူ အလိုတော်ရိတို့မှာလည်း မိမိတို့နယ်၊ ရွာ၊ မြို့များတွင် အမျိုးသားချင်း လှည့်ဖြား၍၊ ကိုယ်ကျိုးရှာတို့ကိုမှီ၍၊ မိမိတို့ကိုယ်ကျိုးများကိုသာ လုပ်နေသဖြင့် မြန်မာလူမျိုးတောသူတောင်သားနှင့် အလုပ်သမားဆင်းရဲသား တို့မှာ တနေ့ထက်တနေ့ ဆင်းရဲလာကြသည်ကို တွေ့မြင်ရခြင်းကြောင့် လည်းကောင်း၊ ဤကိုယ်ကျိုးရှာတို့၏ ရန်မှ ရှောင်ရှားနိုင် ကြ၍ တကယ့်လွတ်လပ်ရေး၊ စီးပွားရေးတို့ကို လုပ်ကိုင်နိုင်ကြရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါကြောင်း။

မောင်လှ
အင်ဂျင်နီယာ၊ အလုံ၊ ရန်ကုန်မြို့။

ဗမာ့အရေးတော်ပုံ

အို .... တိုင်းသူပြည်သား မြန်မာအမျိုးသားတို့ သတိပြုကြလော့၊ နိုးကြားကြလော့၊ ကျွန်ုပ်တို့မြန်မာပြည်တွင် နိုင်ငံရေးကလိမ်ခြုံ ဖြင့် သင်တို့ ကျွန်ုပ်တို့အား နှိပ်စက်နေသည်ကို ယနေ့မှစ၍ တွန်းလှန်ဖြိုဖျက်ကြလော့၊ သင်တို့အား မည်ကဲ့သို့နှိပ်စက်နေသည်ကို အကျဉ်းဖြင့်ဖော်ပြပါအံ့။ ဤဖော်ပြသောအချက်တို့ မဟုတ်မမှန်ဟု ငြင်းဆိုပါက ခရေစေ့တွင်းကျ ငြင်းဆိုသောအချက်တို့ကို အကျယ်ရေးသားဖော်ပြပါအံ့။

အရေးတော်ပုံပေါ်ခြင်း

၁။ သက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျွန်ုပ်တို့အား ကျွန်ပညာသင်လာသော ကျောင်းများကို ကျောင်းသားတို့ သပိတ်မှောက်သည်မှစ၍ မြန်မာအမျိုးသားတို့ နိုင်ငံရေးတွင် နိုးကြားကြရာ မြန်မာနိုင်ငံကြီးကို ဗြိတိသျှတို့ လက် အောက်မှလွတ်ထွက်ရန် ခေါင်းဆောင်ခေါ်မျိုးချစ်တို့ ပေါ်ပေါက်လာကြလေ၏။ ဤကဲ့သို့ လူစွမ်းကောင်းမျိုးချစ်အခေါ်ခံ ခေါင်းဆောင်များသည် ယနေ့အထိ မရေမတွက်နိုင်အောင် များပြားစွာရှိကြလေသည်။ ဤမျှလောက်များပြား၍ နှစ်ပေါင်းများစွာ အမျိုးမျိုးဆောင်ရွက်လာကြရာ မြန်မာလူမျိုးတို့မှာ တနေ့ထက်တနေ့သာ ပိုမိုဆင်းရဲ၍ အတိဒုက္ခပိုမိုခံစားကြရသည်မှာ မည်သူမျှ မငြင်းနိုင်ပေ။ သို့ရာတွင် မျိုးချစ်အခေါ်ခံ ခေါင်းဆောင်တို့မှာ စည်းစိမ်ပိုမိုခံစား၍ စီးပွားတိုးတက်နေသည်ကို စဉ်းစားကြလော့။ ခေါင်းဆောင်ကြီးတို့မှာ နိုင်ငံရေးသည် စားလမ်းကြီးတခုဖြစ်နေကြောင်း ကောင်းစွာသိရှိကြသဖြင့် ငွေအားဖြင့် ဆောင်ရွက်၍ ကိုယ်ကျိုးရှာနေကြသည်ကို သတိပြုကြလေ။ ဤကိုယ်ကျိုးရှာခေါင်းဆောင်ကြီးတို့ကို ယနေ့ထိ သင်တို့အား တကယ်သနားကြ သည်ဟု ယုံကြည်နေကြသေးလျှင် မြန်မာပြည်ကြီး လွတ်လပ်ရေးနှင့် ဝေးလေပြီ။ ကျောပေါ် တုတ်ကျမှ ဓါးပြမှန်းသိ ဆိုသလို ယခု ကျော်ပေါ် တုတ်ကျပြီ။ ဓါးပြမှန်း သိကြလော့။

စားလမ်းထွင်ခြင်း

၂။ တိုင်းပြည်မှာ သူတို့ထင်သလို ကိုယ်ကျိုးအတွက် လုပ်နေကြတာတွေ ပြန်လှန်စဉ်းစားကြလော့။ သင်တို့ ကျွန်ုပ်တို့ မည်မျှနစ်နာ လာကြပြီကို တွေးဆကြလော့။ ၁၂၈၂ ခုနှစ်က ကျွန်ပညာကို မလိုချင်၊ ကျွန်ဘ၀သို့ ဆွဲချနေသောပညာမျိုးသင်သည့် ကျောင်းများ ကို အလိုမရှိ၍ သပိတ်မှောက်ပြီး သခင်ပညာနှင့် သခင်ကျောင်းတွေ တည်မည်ဟု တိုင်းပြည်တွင် ရံပုံငွေများစွာ ကောက်ခံ၍ သုံးစွဲ၏။ အမျိုးသားကျောင်းများ ဖွင့်ခဲ့၏။ ကျောင်းအဆောက်အဦကြီးများ ဆောက်ခဲ့၏။ သို့ရာတွင် ဤအမျိုးသားကျောင်း၊ ထိုအမျိုးသားကျောင်းတိုပတွင် ယနေ့အထိ ကျွန်ပညာသင်နေ၏။ ကျောင်းသားတို့မှာ ကျွန်ပညာပင်သင်ကြရ၏။ ထူးမခြားနား သနားစဖွယ်ပင်။ ထူးခြားချက်မှာကား အမျိုးသားပညာဝန်ရာထူး၊ အမျိုးသားပညာရေးဌာနဟူသော စားလမ်းကြီးများ ကွက်ကွက်ကွင်းကွင်းရှိလှ၏။ သခင်ပညာကိုဖြင့် အိမ်မက်မမြင်မိသေးချေ။

ကိုယ်ကျိုးရှာခြင်း

၃။ ဤအမျိုးသားကျောင်းတို့သည် ထူးမခြားနားသည့် ကျွန်ပညာသင်ကြားနေရုံမျှမဟုတ်။ အလွန်ဆိုးရွားသည့်အချက်များမှာ (၁) မြန်မာပြည်၏ မြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့ကြီးတွင် ဗဟိုအမျိုးသားကျောင်းအုပ်ကြီးက ဗြူရိုကရက်တို့၏ အလိုတော်ရိများ သာ ရရှိသောဘွဲ့ထူးတို့ကိုယူ၏။ တိုင်းပြည်ကို ကျွန်အောက် သဘောက်ဖြစ်စေသည့် တိုင်းပြည်က မနှစ်သက်သည့် (၉၁) ဌာန အုပ်ချုပ်ရေး အသက်သွင်းပေးနေသည့် အစိုးရအဖွဲ့တွင် ရာထူးနှင့် လခကို ယူထားပြန်၏။ အမျိုးသားကျောင်း ရံပုံငွေမှ လခကို လည်း လက်မလွှတ်ပေ။ (၂) ကျောင်းသားကလေးများကို ကျွန်စိတ်သွင်းပေးနေ၏။ သွင်းပေးပုံကား - အမျိုးသားကျောင်းသား ဟောင်းဖြစ်သော အစိုးရအမှုထမ်း၊ ဘုံကျွန် အရေးပိုင်၊ ၀န်ထောက်၊ မြို့အုပ်တို့ကို ကျောင်းသားဟောင်းအသင်းတွင် ဧည့်ခံခြင်း၊ ချီးကျူးခြင်းပြု၍ အမျိုးသားကျောင်းသားများနှင့် မိတ်ဆက်ပေး၏။ ကျောင်းသားကလေးများမှာ သခင်စိတ်မ၀င်။ ဘုံကျွန်လုပ်ရန် စိတ်ဝင်စားကုန်၏။ အမျိုးသားရံပုံငွေသို့ တိုင်းပြည်ကငွေပေါင်းမြောက်မြားးစွာထည့်ဝင်ရသဖြင့် တိုင်းပြည်က အစိုးရအခွန်နှင့် အမျိုးသားကျောင်းရံပုံငွေအခွန်ပါ - အခွန် (၂) ရပ် ဆောင်ခဲ့ရ၍ ဆင်းရဲကြကုန်၏။ ယခု နောက်ဆုံးတွင် စားလမ်းတို့ဖြင့် လမ်းဆုံးနေချေပြီ။ အမျိုးသားကျောင်းသားတို့ သင်တို့စဉ်းစားကြ၍ နိုးကြားကြလော့။ သခင်ပညာကိုရအောင်ကြိုးစားကြလော့။ ခံ၍မနေကြလင့် ရှက်ကြလော့။

စားလမ်းတမျိုး

၎။ မကြာမီက အမျိုးသားတက္ကသိုလ်ဟု တည်ထောင်ကြ၏။ တိုင်းပြည်က ငွေများစွာအလှူခံ၏။ ထိုအမျိုးသားတက္ကသိုလ်တွင် ကျွန်ပညာသာတတ်သူတို့ စီမံကြ၏။ သခင်ပညာတတ်တို့ ပါဝင်ခွင့်မပြု။ သခင်ပညာ သင်မည်ဟု ကြေညာ၏။ သို့ရာတွင် ကျွန်ပညာကိုပင် သင်ပေးနေခဲ့သဖြင့် ပါးနပ်သော ကျောင်းသားတို့က အားမပေး၍ ဤအမျိုးသားတက္ကသိုလ် ပျက်စီးလေပြီ။ ၀မ်းသာစရာပင်။ ကျွန်ပညာကိုသာတတ်သောသူတို့က သခင်ပညာသင်ပေးမည်ဆိုတာ ရယ်ဖွယ်ဖြစ်၏။ အဘယ်မှာ သင်တို့အား သခင်ပညာသင်ပေးနိုင်အံ့နည်း။

လှည့်စားနည်း

၅။ အမျိုးသားစိတ်ထကြွစေရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးရလျင် မိမိတို့နိုင်ငံကို မိမိတို့ကိုယ်တိုင်ကာကွယ်နိုင်ရန် ရဲတပ်တွေဖွဲ့ကြ၏။ ရည်ရွယ်ချက်ကောင်းလှ၏။ ရဲတပ်ဗိုလ်ချုပ်ကြီးမှာ စစ်ပွတြခါမျှမတိုက်ဖူး။ စစ်ဗိုလ်အလုပ်လည်းမတတ်။ သို့ရာတွင် ဗြူရိုကရက်တို့ ၏ အလိုတော်ရိ လခစားရာထူးများလက်ခံခဲ့၏။ ယခုလည်း တိုင်းပြည်က အော့နှလုံးနာသည့် (၉၁) ဌာန အုပ်ချုပ်ရေး အသက် သွင်းပေးနေသည့် အစိုးရအဖွဲ့တွင် လခစားရာထူး လက်ခံလျက်ရှိ၏။ သို့အတွက် ရဲအဖွဲ့မှာ (၉၁) ဌာန၏ ရဲဖြစ်နေပေ၏။ ရဲတပ် သားတို့ကို ပြန်၍ကြည့်လိုက်လျင် အလွန်ဝမ်းနည်းဖွယ် ရှက်ဖွယ်ကောင်း၏။ စစ်အတတ်ကို တကယ်ဘာမျှမတတ်ကြသော်လည်း ဓနရှင်မျက်နှာကြီးတို့ မသာပို့ခြင်း၊ ဓနရှင်တို့၏ အလှူပွဲ၊ မင်္ဂလာအခမ်းအနားနှင့် ကြိုဆိုပွဲများတွင် စစ်ခင်းကြ၏။ အလှူပွဲ၊ ကြိုဆိုပွဲ မဏ္ဍပ်တို့တွင် ဓနရှင်နှင့်မျက်နှာကြီးသူတို့ထိုင်ရန် နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ မျက်နှာကြီးသူတို့အား စောင့်ရှောက်ရခြင်းနှင့် ဖိနပ်မပျောက်ရန် စောင့်ရှောက်ခြင်းတွင် ၀တ္တရားကျေပြွန်ကြ၏။ သြော် ထူးဆန်းသည့် အမျိုးသားစိတ်ထကြွခြင်းပေလော။

မကြာမီက သာယာဝတီတနယ်လုံးတွင် ပုဒ်မ (၁၄၄) နှင့် တရားမဟောရန် ပိတ်ပင်သဖြင့် ကန့်ကွက်သည့်သဘောဖြင့် အရှင်စိုးသိမ်းနှင့် လူတရာကျော် မိုင် (၁၀၀) ကျော်ခြေလျင်လျှောက်လာကြ၏။ ဤကိစ္စမှာ တိုင်းပြည် လွတ်လပ်မှုဆောင်ရွက်သူ တိုင်းနှင့် သက်ဆိုင်၏။ သို့အတွက် ရဲတပ်ကလည်း ကြိုဆိုရန် ကြိုဆိုရေးအဖွဲ့က တောင်းပန်၏။ ရဲတပ်သားတို့ကလည်း ကြိုဆိုလိုကြ၏။ သို့ရာတွင် ရဲဗိုလ်ကြီးတို့က အစိုးရအဖွဲ့ဝင်ဖြစ်သဖြင့် ခွင့်မပြု၍ ကြိုဆိုခွင့်မရကြပေ။ တိုင်းပြည်တပြည်လုံး အရေးယူသင့်သည့် ဤကိစ္စမှာ ရဲဗိုလ်ကြီးတို့က ခွင့်မပြုသော်လည်း ဘိုင်စကုတ်ရုပ်ရှင်ဇာတ်ကားတခုတွင် ရုပ်ရှင်မင်းသမီး အလောင်းကို ရဲတပ်သားတို့ထမ်း၍ မသာချလာသည်ကို မြင်လိုက်ရ၏။ ထူးဆန်းသည့် ရဲစည်းကမ်းပေတည်း။

တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်စဉ်က ရဲဗိုလ်ချုပ်ကြီး၏သား သပိတ်မမှောက်။ အလိုတော်ရိဖြစ်နေ၏။ မျိုးချစ်စိတ်ထက်သန်လှ သည့် ရဲဗိုလ်ချုပ်ကြီးပေတည်း။ အို - ရဲတပ်သားအပေါင်းတို့ သင်တို့ ဘာလုပ်နေကြရသည်ကို စဉ်းစားကြလော့။ သင်တို့ အမျိုးသားစိတ်ရှိကြလော့။ ရှက်ကြလော့။ ရဲတပ်အစစ်ဖွဲ့ကြလော့။ တဖန် ဂဠုန်တပ်၊ ဓါးမတပ်တို့ကို စောင့်ကြည့်စမ်းပါ။ ၎င်းတို့မှာ လည်း ရဲတပ်များ သွားရာလမ်းအတိုင်းက လွဲမည်မဟုတ်။ ကိုယ်ကျိုးရှာဗိုလ်ချုပ်ကြီးတို့၏ လှေခါးထစ်မျှသာ ဖြစ်လေသည်။ ဤတပ်တို့ စစ်ခင်းကြသည်ကို မတွေ့ရသေးသော်လည်း ဂဠုန်ဗိုလ်ကြီးမှာ ကုလားပိုင်စွပ်ကြယ်စက်ကြီးမှာလည်းကောင်း၊ ကုလားပိုင်စီးကရက်စက်ကြီးမှာလည်းကောင်း၊ ကုလားပိုင်အသက်အာမခံနှင့် အခြားကုမ္ပဏီများတွင်လည်းကောင်း ကုလားတို့၏ တယ်ကြက်သဖွယ် ဒါရိုက်တာအလုပ်ကို လက်ခံလုပ်ကိုင်နေသူတဦးဖြစ်နေပါလျက် ကုလားတို့ကို တိုက်တော့မလိုလို မြန်မာတပ် တွေ ဖွဲ့နေပေတော့၏။ တဖန် အဓိကရုဏ်းအတွင်းက မြန်မာများကို ပုလိပ်များက မည်ကဲ့သို့ ပြုမူစော်ကားကြောင်း သတင်းစာများ က ရေးသားဖော်ပြလျက်ရှိပါသော်လည်း ဂဠုန်ဗိုလ်ကြီးက ဥပဒေပြုကောင်စီအစည်းအဝေးတွင် ရန်ကုန်မြို့၌ ပုလိပ်တို့ အဓိကရုဏ်းအုပ်ချုပ်ပုံကောင်းပါသည်။ ကျေနပ်ပါသည်ဟု ပုလိပ်မင်းကြီးကိုပင် ကျေးဇူးတင်စကားများ ပြောကြားသေး၏။

((လွှတ်တော် စက်တင်ဘာ (၉) ရက်နေ့ မှတ်တမ်းတွင်ကြည့်))

ဤကဲ့သို့ ဂဠုန်ဗိုလ်ကြီးစကားကို ရန်ကုန်သတင်းစာကြီးတို့က ချန်လှပ်ထားခဲ့သဖြင့် တိုင်းပြည်က နစ်နာခံရသူတို့မှာ လှည့်ပတ်ခြင်းခံကြရလေသည်။ ရန်ကုန်မြို့သူမြို့သားတို့အား မေးမြန်းကြည့်လျင် ဂဠုန်ဗိုလ်နှင့် ဂဠုန်အလိုတော်ရိကလွဲလျင် အဓိကရုဏ်းအတွင်းက ပုလိပ်တို့ပြုမှုပုံကို ကျေနပ်သူရှိမည်မဟုတ်ပေ။ ဤအချက်ပင် တရားပွဲ၌ လက်သီးလက်မောင်းတန်းတာတွေ ရယ်ဖွယ်ဖြစ်လှ၏။ ရှေ့ကို စောင့်ကြည့်ကြဦး။

အလွမ်းမင်းသားကြီး

၆။ မြန်မာလူမျိုးများ ကျွန်တွင်းမှ မတက်နိုင်။ အုပ်ချုပ်ရေးမကောင်း၍ ဆင်းရဲနေကြခြင်းကို မကြည့်နိုင်ပါဟု ၀မ်းနည်း ပက်လက်ဖြစ်ပြီး အစည်းအဝေးတိုင်း ရှိုက်ကြီးတငင် မျက်ရည်ကျ၍ ငိုပွဲဆင်ခဲ့သော သမ္မတကြီးမှာလည်း ယခုအခါ စုတ်ပဲ့နုံချာသည့် (၉၁) ဌာနအုပ်ချုပ်ရေးတွင် ရာထူးစည်းစိမ်နှင့် ပျော်ရွှင်စွာ ခံစားနေရပေပြီ။ သို့ရာတွင် င၀န်ရေကာတာ ရံပုံငွေနှင့် ရေနံစက် အစုရှယ်ယာငွေများအတွက် သတင်းမကြားရသေးချေ။ သြော် ဒုက္ခ ဒုက္ခ။ ယခုလည်း ညွန့်ပေါင်းအစိုးရ လုပ်ကိုင်ပုံ မကျေနပ်ကြ၍ ကဲ့ရဲ့ရှုတ်ချရာတွင် မိမိမပါဝင်သလို တိုင်းပြည်ကို ချစ်တဲ့ မျိုးချစ်ဟန်ဆောင်၍ တိုင်းပြည်ကို လှည့်ပတ် ၍ တရားဟောနေပြန်၏။

လူညာများ

၇။ ၀တ်လုံများကလည်း တရားစင်ပေါ်တက်ပြီး အမျိုးသားအကျိုး တကယ်ဆောင်ရွက်သလိုလိုနှင့် နေရာတကာဝင်၍ ခေါင်းဆောင်လုပ်၊ လူအ လူနတို့ကလည်း ၀တ်လုံဆိုလျင် တိုင်းကျိုးပြည်ကျိုးဆောင်ရွက်တတ်သည်ဟု အယူရှိနေကြသဖြင့် တိုင်းပြည်ကြီး လွတ်လပ်ရေးနှင့် ဝေးလေတော့၏။ ၀တ်လုံတို့မှာ အစိုးရ၏ လိုင်စင်နှင့် အသက်မွေးရ၏။ အစိုးရတို့နှင့် သင့်မြတ် ရ၏။ တိုင်းပြည်လွတ်လပ်ရေးဆောင်ရွက်ရာတွင် အစိုးရနှင့် အတိုက်အခံပြုရ၏။ အစိုးရအရာရှိတို့နှင့် ဆန့်ကျင်၏။ သို့အတွက် ၀တ်လုံတို့မှာ လိုင်စင်ပြုမှာ စိုးရိမ်ရခြင်း။ အစိုးရအရာရှိတို့နှင့် မတင့်သင့်က မိမိအမှုလိုက်ရာတွင် ကာသာမရမည်ကို စိုးရိမ်ရခြင်း ကြောင့် တရားဟောစင်ပေါ်မှာ လက်သီးလက်မောင်းတန်းသလောက် အရာရှိတို့ကို ကွယ်ရာမှာ ရှိခိုးရ၏။ အလိုတော်ရိလုပ်ရ၏။ သို့မှသာ လိုင်စင်မပြုတ်သည်သာမက မိမိလိုက်သောအမှု ကာသာရ၏။

ခေါင်းဆောင်ယောင်ယောင်နှင့် တရားစင်ပေါ်တက်၍ အော်ခြင်းမှာ မိမိတို့နာမည်ကြော်ငြာ၍ အမှုများများ လိုက်ရခြင်း၊ အစိုးရက အသံကျယ်လာလျင် ရာထူးဖြင့် ပါးစပ်ပိတ်လျင် ရာထူးရခြင်း စသည့်ငွေဝင်လမ်းတို့ကို မျှော်ကိုးခြင်းပင်တည်း။ နက်နဲစွာ စဉ်းစားရန်မှာ ၀တ်လုံတို့မှာ ဥပဒေတတ်၏။ အင်္ဂလန်နိုင်ငံ တွင် ပညာသင်ကြားရ၏။ ကျွန်ုပ်တို့ကို ကျွန်အဖြစ်မှာထားသော အင်္ဂလန်နိုင်ငံက ထိုဝတ်လုံတို့အား မိမိတို့ မြန်မာပြည်ပြန်သွား လျင် ကျွန်တွင်းမှလွတ်မြောက်အောင် ဆောင်ရွက်နိုင်မည့် ပညာမျိုးကို သင်ပေးလိုက်မည်လော။ သို့တည်းမဟုတ် မိမိတို့ မြန်မာ အမျိုးသားချင်း လည်ပင်ကြိုးတတ်သည့် ပညာမျိုးသင်ပေးမည်လော။ ယခု တိုင်းပြည်ကို နှိပ်စက်နေသော အုပ်ချုပ်ရေးရာထူးများ ကို ၀တ်လုံတွေပင် လက်ခံခဲ့ကြသည် မဟုတ်လော။ သို့အတွက် ၀တ်လုံတွေကို ခေါင်းဆောင်တင်သမျှ မြန်မာပြည် လွတ်လပ်ရေး နှင့် ဝေးလေပြီဟုမှတ်။

သူခိုးသေဖော်ညှိပုံ

၈။ ဒါ ဒို့ပြေ၊ ဒါ ဒို့မြေ နှင့် အော်ဟစ်နေကြသူတို့မှာလည်း တကယ်စင်စစ် တိုင်းရေးပြည်ရေးလုပ်ငန်းကို နားမလည်၊ စီးပွားရေးနှင့် ဖြစ်တတ်ပျက်တတ်သည့် သဘာဝတရားကိုနားမလည်ပဲ နေရာတကာတွင် ၀င်ရောက်စွက်ဖက်၍ တောသူတောင်သား အလုပ် သမားတို့အား သပိတ်လက်နက် အမျိုးမျိုးအသုံးပြုရန် တိုက်တွန်းပေးခြင်းကြောင့် ဓနရှင်တို့၏ နှိပ်စက်ခြင်းနှင့် ငြိမ်ဝပ်ပိပြားရေး အတွက် အစိုးရ၏ ဖိနှိပ်ခြင်းခံရရှာသည့် ငတ်ပြတ်နေသော မြန်မာဆင်းရဲသားတို့လည်း ထောင်သောင်းမျှ ရှိနေပြီ။ ကိုယ်ပိုင်လုပ် ငန်းမရှိ ၀င်ငွေမရှိသူတို့က ဒို့ပြေ ဒို့မြေနှင့် အသံကျယ်စွာအော်ပြီးလျင် နေရာတိုင်းလိုက်၍ မိမိတို့ကဖြင့် တပြားတချပ်မျှမပါပဲ ရံပုံငွေအမျိုးမျိုးကောက်ခံပြီး ထိုရံပုံငွေကို အမှီပြုလျက် သွားကြလာကြ၊ စားကြ သုံးကြရုံမျှမက ကယ်ဆယ်ရေးလုပ်သလိုလိုနှင့် တိုင်းပြည်က အလှူငွေဖြင့် မိမိဖို့ ၀ါဒတွေဖြန့်ကြ၏။ လေလုံးထွားကြ၏။

တိုင်းကျိုးပြည်ကျိုး၊ အမျိုးသားအကျိုးအတွက် ရှေ့ကနေပြီး အသက်အသေခံမည်ဟု တရားစင်ပေါ်တွင် အော်ဟစ်ကြ၏။ ကုလားဗမာ အဓိကရုဏ်းတွင် သူတို့ ကြက်ပျောက် ငှက်ပျောက် ပျောက်နေကြ၏။ ဒုက္ခသည်မြန်မာတို့ကိုလည်းကောင်း၊ မတရားနှိပ်စက်ခံရသူမြန်မာတို့ကိုလည်းကောင်း ကူညီကြသည်ဟု မကြားရချေ။ ရံပုံငွေမရှိ၍ မပေါ်လာခြင်းပေလော။

ရာထူးလုနည်း

၉။ အမျိုးကိုချစ်ပါတယ်။ သနားပါတယ်ဟု အော်ဟစ်နေကြတဲ့ မျိုးချစ်အမတ်တို့မှာလည်း ညွန့်ပေါင်းအစိုးရထဲတွင် ရာထူးတောင်း ၍ မရသည်နှင့် ညွန့်ပေါင်းအစိုးရကိုသာ မဲ၍ ဆဲနေခြင်းဖြင့် တိုင်းပြည်အကျိုးဘာမျှ မဆောင်ရွက်ကြပဲ ရာထူးလုမှုဖြင့် အချိန်ကုန် စေပြီး သတင်းစာတွေကို ငွေပေး၍ မိမိတို့ ၀ါဒပြန့်အောင်လုပ်ခြင်းဖြင့် ရာထူးလုမှုကို ခိုင်မာအောင် လုပ်ကြလေသည်။

ရာထူးလုသူတို့သည် တက္ကသိုလ်ကျောင်းသားတို့အား မျက်စိနားများလှဲ့ကြပြန်၏။ တက္ကသိုလ်ကျောင်းသားတို့မှာလည်း နိုင်ငံခြား တိုင်းပြည်လွတ်လပ်ရေး စာအုပ်များကိုသာ လေ့လာကြသဖြင့် နိုင်ငံခြားနှင့်မတူသော မြန်မာပြည်၏ နိုင်ငံရေးကို တကယ်မကျွမ်း ကျင်ကြသေး။ ယခုမှ စတင်လုပ်ကိုင်ကြ၏။ သို့ဖြစ်၍ ၀ါရင့်၍ အံတိုသူတို့၏ ပရိယာယ်ကို နားလည်နိုင်ရန် ခဲယဉ်း၏။ မြန်မာနိုင်ငံ မြန်မာလူမျိုးများ၏လက်တွင် ကူးသန်းရောင်းဝယ်ရေးမရှိ၊ စီးပွားရေးမရှိ၊ ပစ္စည်းဥစ္စာမရှိ၊ စက်မှုလုပ်ငန်း၊ လက်နက်လုပ်ငန်းမရှိ၍ တက္ကသိုလ်ကျောင်းသားတို့သည် မိမိတို့သဘောအတိုင်းသာ စီမံဆောင်ရွက်ကြနိုင်ပါစေ။ ဤစားလမ်း ကလိမ်ချုံထဲ မပါဝင်ပါစေ နှင့်ဟု ဆုတောင်း၏။

မစားရ တဆူဆူ

၁၀။ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲခွာပြီး (၉၁) ဌာန အုပ်ချုပ်ရေးပေးစက သတင်းစာအယ်ဒီတာများအဖွဲ့က ရာထူးမယူမှ ဤအုပ်ချုပ်ရေးပျက်၍ ပိုမိုကောင်းမွန်သောအုပ်ချုပ်ရေးရမည်ဟု ဆုံးဖြတ်ချက်ချပြီးလျင် အမတ်တို့ ရာထူးမယူကြရန်၊ ဆူပူဖို့ တိုင်းပြည်ကို လှုံ့ဆော်ပေးခဲ့၏။ ပြီးခဲ့သည့် အဓိကရုဏ်းသည် ဤအုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် မြန်မာများနစ်နာကြောင်း တိုင်းပြည်ကို ရှင်းပြ၍ ရာထူးလက်မခံရန် ဆူပူဖို့ တိုင်းပြည်ကို လှုံ့ဆော်ရန် အချိန်ကောင်းဖြစ်သော်လည်း၊ ရာထူးလုသူတို့၏ ဘွဲ့ပြု လက်နက်ပရောဂ ၀င်ရောက်လာသဖြင့် ရာထူးလုသူတို့ဘက်ကနေပြီး လက်ရှိအစိုးရကို ဖြုတ်ချရန် တိုင်းပြည်နှင့် ရန်တိုက်လျက် အုပ်ချုပ်ရေးတိုက်ဖျက်မှုလုပ်ငန်းကို ဖံးကွယ်ထားလေပြီ။ သြော် - စားလမ်းတွေ များလှပါတကား။

၁၁။ သတင်းစာတို့ကလည်း မိမိတို့ လိုလားရာ အဖွဲ့ကိုသာ အကောင်းရေးခြင်း၊ မလိုလားသောအဖွဲ့ကို ရှုတ်ချခြင်းဖြင့် တိုင်းပြည်၏ အဆင့်အတန်းကို ဆုတ်ယုတ်စေသည်။ တိုင်းပြည်သိနားလည်အပ်သောအချက်တို့ကိုမရေး၊ တိုင်းပြည်မျက်စိပွင့်အောင်မရေး၊ အမှန်ကိုမရေး၊ ဖုံးကွယ်ထားပြီးလျင် တိုင်းပြည်ကျိုးမဟုတ်သည့် လူမိုက်က ပုလိပ်သတ်မှုကဲ့သို့ အကျိုးမရှိသော သတင်းတို့ကို (၃) မျက်နှာထိ ရေးသားဖော်ပြခြင်း၊ လင်ငယ်နေမှု၊ မုဒိန်းမှုတို့ကိုသာ ထည့်သွင်းခြင်းဖြင့် တိုင်းပြည်ကို လှည့်ပတ်နေပြီ။

အမတ်လစာယူရေး ဆုံးဖြတ်စဉ်က ကန့်ကွက်သောအမတ်တို့ကို သတင်းစာတွေက ဓါတ်ပုံကြီးများဖြင့် ချီးကျူးကြ၏။ အဆိုသွင်းထောက်ခံသူ အမတ်တို့ကိုလည်း ဓါတ်ပုံကြီးများဖြင့် ကဲ့ရဲ့ ရှုတ်ချကြ၏။ ယခု သခင်အမတ် (၂) ယောက်ကလွဲ၍ အားလုံးလစာယူကြ၏။ လခထုတ်စက ကန့်ကွက်သော အမတ်တို့က မိမိတို့အဖို့မဟုတ်၊ ဆင်းရဲသားများကို လှူဒန်းထောက်ပံ့ရန် လခထုတ်သည်ဟု ကြေညာ၏။ ပြီးခဲ့သော ကုလားဗမာရိုက်ပွဲတွင် ငတ်ပြတ်နေသူ မြန်မာထောင်သောင်းမကရှိ၏။ ဤထက် အရေးကြီးသော အချိန်အခါမရှိ။ လှူရန်နှင့် ဆင်းရဲသားများ ထောက်ပံ့ကူညီရန် လခထုတ်ကြသောအမတ်တို့ ငြိမ်ချက်ကောင်း လှ၏။ တပြားတချပ်မျှ မလှူရုံမက မတရားဖမ်းဆီးချုပ်နှောင်ခံရသူတို့အားလည်း ဘာမျှအကူအညီမပေးခဲ့သည်ကို တိုင်းပြည်က အသိမဟုတ်လော။ ဤအကြောင်း ရန်ကုန်သတင်းစာကြီးတို့က မရေးပဲနေသည်ကို စဉ်းစားကြလော။ မြန်မာပြည်၏ သတင်းစာ တို့ သဘောထားကို သိရှိကြလော။

၁၂။ သတင်းစာကြီးတွေမှာ အင်္ဂလိပ်၊ ကုလားဓနရှင်တို့၏ မျက်နှာလိုက်၍ ရေးနေရ၏။ သင်တို့အား လွတ်လပ်ရေးရအောင် မျက်စိဖွင့်ပေးနေသည်ဟု မယူဆကြလေနှင့်။ သတင်းစာကြီးတို့၏ စာမျက်နှာ (၁) ကစ၍ အဆုံးထိကြည့်လျင် အင်္ဂလိပ်ဓနရှင် ကုမ္ပဏီ၊ ကုလားဓနရှင်ကုမ္ပဏီကြီးတို့၏ ကြော်ငြာတွေနှင့် ပြည့်လျက်ရှိ၏။ မြန်မာတွေ မျက်စိပွင့်အောင် သွေးစုတ်ကောင်တွေ အကြောင်းရေးလျင် ထိုကြော်ငြာတို့ ရုတ်သိမ်းသွား၍ ၎င်းတို့၏ စားလမ်းတွေ ပိတ်မည်ဖြစ်သောကြောင့် ထိုသတင်းစာကြီးတို့မှာ လွတ်လပ်စွာမရေးနိုင်ကြောင်း အမြဲမှတ်ပါ။ သတင်းစာကြီးတို့မှာလည်း ဓနရှင်သွေးစုတ်ကောင်တွေပင်ဖြစ်၏။ သင်တို့အား သနား လို့ မျက်စိဖွင့်ပေးလိမ့်မည်ဟု မယူဆနှင့်။ သင်တို့ ဤသတင်းစာမျိုးဖတ်ခြင်းဖြင့် အကျိုးမများပေ။ သတင်းစာအဆင့်အတန်း အလွန်နိမ့်၏။ သို့ရာတွင် အဘိုးနှုန်းကြီး၏ ငါးပြားမတန်ပေ။ သင်တို့ပေးရသော တန်ဘိုးမှာ ရောင်းပြီးဖြစ်သည့် ကြော်ငြာစာရွက် များကိုပါ ၀ယ်၍ဖတ်နေရခြင်းဖြစ်သည်။ သင်တို့ မျက်စိ နားပွင့်လိုလျင် ကာမအလင်း - ကာမသတင်း မဟုတ်သည့် နိုင်ငံရေး စာအုပ်များကို ၀ယ်၍ ဖတ်ကြလော့။ သင်တို့၏ နားမျက်စိပိတ်ထားသော ကြော်ငြာဝယ်သည့်အလား သတင်းစာတို့ကို ရှောင်ကွင်း ကြလော့။ သို့မှသာ လမ်းမှန်ကို သိကြမည်။

၁၃။ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် နိုင်ငံရေးခေါင်းဆာင်ကြီးများအကြောင်းကိုဖြင့် ဦးကလိမ်သတင်းစာတို့က ခရေစေ့တွင်းကျ နေ့စဉ်နှင့်အမျှ ဖော်ပြနေ၍ တိုင်းပြည်အသိဖြစ်ခဲ့၍ ထိုထက်ပိုမိုစုံလင်စွာ ရေးစရာမရှိပေ။ ထောက်ခံချက်ပေးလိုက်ပါ၏။

ဆင်းရဲသားဝါဒကဖြင့် ၀ါဒအတိုင်းညီညွတ်၍လား မသိ။ မြန်မာလူမျိုးတို့ ဆင်းရဲလျက်ပင်ရှိ၏။ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်အသီးသီး တို့၏ ၀ါဒများကို စစ်ဆေးကြည့်တော့ ဒေါက်တာဘမော်က ဆင်းရဲသားဝါဒဟု တိုင်းပြည်ကို ကြေညာထား၏။ အခြားဝန်ကြီးချုပ်တို့ က ဘာဝါဒမှ ယနေ့အထိ မကြေညာသေးသော်လည်း ထိုဝန်ကြီးချုပ် ဤ၀န်ကြီးချုပ်တို့၏ ၀ါဒမှာ ငို့ဘ၀ါဒဖြစ်ကြောင်း ၎င်းတို့၏ လုပ်ပုံကိုင်ပုံက ကြေညာလျက်ရှိပေတော့၏။

ညွန့်ပေါင်းအဖွဲ့သို့ ငို့ဘို့ဝါဒဖြင့် ၀င်ရောက်နေရာမှ လောဘဇောကို မထိမ်းနိုင်၍ နန်းရင်းဝန်ရာထူး တိုးတက်ရရန် ကြိုးစားခဲ့သူ ဖွတ်မရ ဓါးမဆုံးသည့် ၀န်ကြီးချုပ်တဦးမှာလည်း မိမိလောဘဇောကြောင့် ညွန့်ပေါင်းမှထွက်သည်ကို တိုင်းပြည်မျက်နှာထောက်၍ ထွက်သလိုလို တိုင်းပြည်ကို လှည့်ပတ်နေပြန်၏။ အတွင်းသိက ရယ်ကြ၏။

၁၄။ ဖေဗီယံနှင့် သခင်အမတ်တို့ကလည်း (၉၁) ဌာနအုပ်ချုပ်ရေးကို တိုက်ဖျက်ပါမည်ဟုတိုင်းပြည်ကို ကြေညာခဲ့၏။ ယခု (၂) နှစ်ရှိတော့မည်။ ရာထူးလုသူတို့ကိုသာ ကူညီနေတော့၏။ အုပ်ချုပ်ရေးတိုက်ဖျက်မှုနည်းလမ်းများ ယနေ့ထိ စီစဉ်လုပ်ကိုင်သည် မကြားရသေးပေ။ အိမ်မက်ပင် မမြင်ကြသေးချေ။

ဖေဗီယံအဖွဲ့ဝင်တို့လည်း လူစုဝေးရာတိုင်းတွင် အသံကျယ်စွာအော်ဟစ်ကြ၏။ အော်ဟစ်ပြီး ကွယ်ပျောက်ကြ၏။ ဆင်းရဲသား အခွန်ထမ်းတို့အတွက်လည်းကောင်း၊ အခြားကိစ္စများတွင်လည်းကောင်း တိုင်းပြည်အတွက် ဘယ်နေရာကမျှ ၀င်ရောက်ဆောင် ရွက်သည် မကြားရချေ။

သခင်တို့မှာလည်း အချို့ ဓါးမသခင်၊ အချို့ ဂဠုန်သခင် ဖြစ်နေကြသဖြင့် ညီညွတ်စည်းလုံးခြင်း မရှိကြပေ။ သြော် စားရေးအတွက် ပါတကား။

၁၅။ အမျိုးသားသူနာပြုတပ်တွေဖွဲ့ကြ၏။ သူနာပြုဗိုလ်ချုပ်တွေ၏ အရည်အချင်းကိုကြည့်ကြလော့။ သူတို့၏ ခြေလှမ်းကိုကြည့်ကြ လော့။ သူတို့လည်း ရဲတပ်နည်းတူ မျက်နှာကြီးတို့ မသာပို့ခြင်း၊ ကြိုဆိုရခြင်းဖြင့် စစ်ခင်းကြ၏။ ရံပုံငွေတွေဖွင့်ကြ၏။ စာရင်းဖြင့် အစိုးရက မစစ်ရပေ။ အမျိုးသားသူနာပြုတပ်ဟုဆိုလျင် မြန်မာအမျိုးသားအတွက် ဆိုလို၏။ အခြားလူမျိုးခြားအတွက် မဟုတ်ဟု ယူဆ၏။ အဓိကရုဏ်းအတွင်းက အမျိုးသားသူနာပြုတပ်မှာ ၆ လုံးပြူးနှင့် အစိုးရဂုဏ်ထူးဆောင်လက်မှတ်ကို ရည်ရွယ်ချက် အဓိကကြောင့် ဒို့မြန်မာဆိုသည့်စကားကို မေ့ပျောက်၍နေ၏။ မြန်မာတို့ ဇာတိမာန်ပျောက်ကွယ်နေ၏။ ထိုအခါက ဒိဌမျက်မြင်သူ တို့မှာ အလွန်ဝမ်းနည်းကြေကွဲ၏။ သြော် စာအုပ်ကြီး အတိုင်းပါတကား။ ကုလားဗမာ အမျိုးသားသူနာပြုတပ်ကြီးပါတကား။

အမျိုးသမီးသူနာပြုတပ်များလည်းရှိပေ၏။ ထိုသူနာပြုတပ်တို့လည်း ဖော်ပြခဲ့သည့် ရဲတပ်-သူနာပြုတပ်တို့၏ ရည်ရွယ်ချက်အတိုင်း ပင်တည်း။ ၀မ်းနည်းဖွယ်ကောင်း .......

လောဘကြီးသူများ

၁၆။ အသင်းဖွဲ့၍ အသင်းကြေးဖြင့် စားလမ်းထွင်ခြင်း။ ရံပုံငွေဖွင့်လှစ်၍ စားလမ်းထွင်ခြင်း။ ရာထူးယူ၍ စားလမ်းထွင်ခြင်းများအပြင် လောဘအလွန်ကြီးသော ခေါင်းဆောင်ကြီးတို့မှာ ချည်ထည်စက်ကြီးများတည်၍လည်းကောင်း၊ ဆေးလိပ်ကုမ္ပဏီကြီးများတည် ၍လည်းကောင်း၊ သကြားစက်ကြီးတည်၍လည်းကောင်း၊ သင်္ဘောကုမ္ပဏီကြီးတည်၍လည်းကောင်း ငွေအလုံးအရင်းရအောင် စီမံ၍ ကိုယ်ကျိုးရှာကြသေး၏။ မြန်မာအမျိုးသားတို့ကို စီးပွားချမ်းသာဖြစ်အောင် မလုပ်ရုံမျှနှင့်မနေ။ ဆင်းရဲ၍ ကျွန်သဘောက်ဖြစ် အောင် အမျိုးမျိုးနှိပ်စက်ခဲ့ကြ၏။ ထိုသူတို့မှာ အမျိုးသားချင်း လည်ပင်းကြိုးတတ်သူများ မဟုတ်ပါလော့။

အခွန်ထမ်းတို့၏ လည်ချောင်းသွေးဖြင့်
ခြေဆေးသူများ

ငွေကြေးအကုန်အကျခံ၍ မြူနီစီပါယ်လူကြီးဖြစ်အောင်အရွေးခံပြီး စားလမ်းအမျိုးမျိုးတို့ဖြင့် ကိုယ်ကျိုးရှာ မျိုးချစ်အခေါ်ခံကြီးတို့မှာ လည်း (၃) နှစ်တကြိမ် အရွေးခံရမည့်သက်တမ်းကို မိမိတို့ ငို့ဘ၀ါဒဖြင့် (၅) နှစ်သို့ တိုးမြှင့်တိုက်ကြ၏။ ထိုလူကြီးတို့မှာ မြို့ရွာက ဆန္ဒမဲဖြင့် တင်မြှောက်၍ မြူနီစီပါယ်လူကြီးဖြစ်ကြရသည်ကို မေ့ပျောက်ခါ ဆန္ဒမဲရှင်တို့၏ သဘောတူညီချက်ကိုမျှမတောင်းနိုင်ပဲ မိမိတို့ကိုယ်ကျိုးကိုသာ ရှေ့ရှုပြီး စားလမ်းသက်တမ်းတိုးမြှင့်ကြ၏။ အဆွေမဲဆန္ဒရှင်တို့ အေးအေးမနေကြလင့် သင်တို့၏ မဲဆန္ဒ ဖြင့်တက်ပြီး သင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါးနှစ်တော့ သူတို့ထင်ရာပြုသည်ကို ခံကြရမည့်အရေး တွေး၍ ကြောက်ကြ လော့။ အချို့က လခယူရန်ပင် ဆုံးဖြတ်ကြသေးသည်။ ထိုသူတို့သည် သင်တို့၏ လည်ချောင်းသွေးဖြင့် ခြေဆေးသူတို့ပင်တည်း။

သို့ကြောင့်

မြန်မာပြည်တွင် လွတ်လပ်ရေးဆောင်ရွက်နေကြပုံကို စိစစ်ကြည့်လျင် -

(၁) ကျွန်ပညာကိုသာ တတ်မြောက်သူတို့က သခင်ပညာကျောင်းတွေထောင်။
(၂) ဆေးအတတ် မတတ်သူက သူနာပြုတပ်ဗိုလ်လုပ်။
(၃) စစ်အတတ် မကျွမ်းကျင်သူက ရဲတပ်ဗိုလ်လုပ်။
(၄) အစိုးရ လိုင်စင်နှင့် အစိုးရထံ ဒူးထောက်၍ အသက်မွေးသူ ၀တ်လုံတို့က လွတ်လပ်ရေးခေါင်းဆောင်လုပ်။
(၅) နိုင်ငံရေးမကျွမ်းကျင်သူက နိုင်ငံရေးတရားဟော။
(၆) ကိုယ်ပိုင်လုပ်ငန်းမရှိ၊ သူများထံ ကျွန်လုပ်လုပ်နေရသူတို့က သခင်ဝါဒတရားဟော
(၇) ပစ္စည်းမရှိသူက ရံပုံငွေကောက်ခံ။
(၈) ကုန်သည်မဟုတ်သူက ကူးသန်းရောင်းဝယ်ရေးနည်းပြ။

ဤကဲ့သို့ ကမောက်ကမဖြစ်နေသော နိုင်ငံရေးသည် စားလမ်းသမား ကိုယ်ကျိုးရှာတို့၏စနစ် ဖြစ်သဖြင့် မြန်မာပြည်လွတ်လပ်ရေး မရသည်ကို အံ့သြစရာမရှိပေ။ (၉၁) ဌာန အုပ်ချုပ်ရေးအသက်သွင်းပေးနေသည့် ရာထူးတည်းဟူသော အမဲရိုးကို ညွန်ပပေါင်းနှင့် အတိုက်အခံအမတ်တို့ မာန်ဖီပြီးလုနေကြသဖြင့် မြန်မာလူမျိုးတို့၏ စီးပွားချမ်းသာတို့ကို ကာကွယ်စောင့်ရှောက်ရန် သတိမရနိုင်၍ နိုင်ငံခြားသားတို့ လက်ဝယ်ရောက်ကုန်ပြီ။ သို့အတွက် တိုင်းသူပြည်သား မြန်မာအပေါင်းတို့ - အမဲရိုးလုနေသည့်တိုက်ပွဲကို ၀ိုင်းပြီး အားမပေးပဲ (၉၁) ဌာန အုပ်ချုပ်ရေးတို့ကို တိုက်ဖျက်ကြလော့။ နိုးကြားကြလော့။ ကိုယ်ကျိုးရှာတို့၏ အလိုတော်ရိများပါရှောင် ကွင်းကြလော့။

သို့မဟုတ် လက်ရှိအမတ်အားလုံးတို့ မိမိတို့ကိုယ်ကိုမိမိတို့ တချိန်တည်း သတ်သေကြလျင် ဤ (၉၁) ဌာန အုပ်ချုပ်ရေးသည် အမြန်ပျက်၍ တိုင်းပြည်ကောင်းစားလိမ့်မည်ဖြစ်သောကြောင့် မျိုးချစ်အမတ်တို့ - တကယ်တိုင်းပြည်ကိုချစ်၍ တိုင်းပြည်အတွက် အသက်အသေခံမည်ဟု အော်ဟစ်ခဲ့သည့်အတိုင်း ကတိမဖျက်ပဲ မိမိတို့ကိုယ်ကို မိမိတို့ သတ်သေကြရန် ကျွန်တော်နှင့်တကွ တိုင်းပြည်က နှိုးဆော်လိုက်ပါသည်။ ဤကဲ့သို့မှ နှိုးဆော်၍ သတ်မသေကြလျင် မျိုးချစ်အခေါ်ခံအမတ်တို့သည် တိုင်းပြည်ကျိုး မဟုတ်၊ တိုင်းသူပြည်သားကောင်းစားဖို့မဟုတ်။ မိမိတို့ကိုယ်ကျိုးလုပ်နေကြောင်း ထင်ရှားပါ၍ နောင်အခါ တရားပွဲများတွင် တိုင်းပြည်ကောင်းစားရေးလုပ်ပါသည်ဟု မကြွားဝါရန် သတိပေးလိုက်ပါကြောင်း။

မှတ်ရန်။ ။ ၆ လုံးပြူးမကိုင်ဘူး၍ မတော်တဆထိမှန်သေဆုံးခြင်းကို တိုင်းပြည်အတွက် အသက်အသေခံသည်ဟု အသိအမှတ်မပြုနိုင်။

ဗမာ့အရေးတော်ပုံစာတန်း ရေးသားသူမှာ ရန်ကုန်မြို့မှ အင်ဂျင်နီယာ စက်ဆရာကြီး ဦးလှ ဖြစ်ပြီး ၁၃၀၀ ပြည့်နှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ -အယ်ဒီတာ
(ခေတ်ပြိုင်မှ တဆင့် ကူးယူဖော်ပြပါသည်။)

0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP