မိတ်ဆွေတို့
ကျွန်တော့် email ကို add လာလုပ်တဲ့သူတွေထဲက thakee00@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it ဆိုတဲ့သူဟာ ကျွန်တော့် email contacts တွေအကုန်လုံးကို တစ်နည်းနည်းနဲ့ ရသွားပြီး အဲဒိ contact တွေအကုန်လုံးကိုပါ လိုက် Add လုပ်နေပါတယ်။
ကျွန်တော့်ရဲ့ မိသားစုဝင်တွေရော မိတ်ဆွေတွေ အမကြီးတွေ သူငယ်ချင်းတွေ အထိပါ ဒီမိုကရေစီ ဘက်တော်သားပုံစံနဲ့ လိုက်မိတ်ဖွဲ့ပြီး စကားလိုက်ပြောနေပါတယ်
ဒါဟာ စစ်အစိုးရရဲ့ IT သမားတွေသာလုပ်လေ့လုပ်ထရှိတဲ့ suspicious activity တစ်ခုပါဘဲ
သူဘယ်သူဆိုတာ အတိအကျ စုံစမ်းလို့မရသေးပေမယ့် ရိုးသားတဲ့ချဉ်းကပ်မှူ မဟုတ်တာတော့ လုံးဝသေချာနေတဲ့အတွက် ကျွန်တော် ကိုယ်တိုင် ချက်ခြင်း Remove and Block လုပ်ပစ်ခဲ့ပြီး နီးစပ်ရာမိတ်ဆွေတွေကိုလဲ ဒီအတိုင်းဘဲ လုပ်ခိုင်းခဲ့ရပါတယ်
နအဖ ဟာ ပြည်တွင်းနဲ့ပြည်ပ ဒီမိုကရေစီ အရေးတက်ကြွသူတွေရဲ့ ဆက်သွယ်မှူ လမ်းကြောင်းကို နည်းပညာမျိုးစုံသုံးပြီး အပူတစ်ပြင်း ထောက်လှန်းနေခဲ့တာကြာပါပြီ
ဒီတော့ နိုင်ငံတကာဆက်သွယ်ရေးရဲ့ ပင်မ သွေးကြောတစ်ခုဖြစ်တဲ့ email တွေထဲက ပြည်တွင်းမှာ လူတိုင်းနီးပါးသုံးနေတဲ့ Gmail ကို အဓိက ထိုးဖေါက်နေပါတယ်
မိတ်ဆွေတို့လဲ ဒီ email address ပိုင်ရှင်ကို ဖယ်ရှားယုံသာမကဘဲ အကြောင်းမဲ့ကြီး add လာလုပ်တဲ့ သူတွေကို အထူးသတိထားဖို့ တိုက်တွန်းပါရစေ
အဲဒိလိုဘဲ တခြားသူငယ်ချင်းတွေကပါ သတိထားမိတဲ့ email တွေကိုလဲ ကျွန်တော့်ကို ခုလိုဘဲ သတိပေးစေချင်ပါတယ်
သူတို့ လုပ်တတ် တဲ့ပုံစံတွေက
စိတ်ဝင်စားစရာကောင်းတဲ့ သို့မဟုတ် စွဲဆောင်မှူရှိတဲ့ မြန်မာနာမည် လှလှလေးတွေ သုံးပြီး add လုပ်ခိုင်းလိမ့်မယ်
ဥပမာ - einmetlay@gmail တို့ hninsetnge@gmail တို့ ဒါမျိုးပေါ့ဗျာ (ဥပမာတွေနော်) အဲဒိ email တွေ တကယ်ရှိရင်လဲရှိပါလိမ့်မယ် သူတို့ ကိုမဆိုလိုပါ။
G-talk Icon မှာ cute ဖြစ်တဲ့ animation လေးတွေ Asian model တစ်ချို့ရဲ့ ပုံလှလှလေးတွေ သုံးပြီးတော့လဲ add လုပ်လိမ့်မယ်
အဲဒါမျိုးကတော့ အထူးသဖြင့်ယောက်ျားလေးတွေ ခံရတာများတယ်
ယောက်ျားလေးတွေတိုင်းက ဏှာဘူးထလို့ လို့ ပြောတာမဟုတ်ဘူးနော် ဒါပေမယ့် Looks can be deceiving ဆိုတာ အမြဲ မှန်လေ့ရှိတယ်
ဘာရယ်တော့မဟုတ်ဘူး poeeiphyu@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it (ပိုးအိဖြု) ဆိုပြီး ဘေးမှာကလဲ အသားဖြူဖြူ မြန်မာဆန်ဆန် မျက်နှာလေးနဲ့ ကောင်မလေးချောချော ပုံလေးတင်ထားတဲ့တစ်ယောက်က invite လုပ်လာတယ်ဆိုရင် ကျွန်တော်မျိုးတို့ ယောက်ျားလေး တွေကလဲ အင်မတန် ရင်ခုန်လွယ်တတ်တာမျိုးကိုး။
ဘာရယ်တော့မဟုတ်ဘူး လက်ခံလိုက်တာဘဲလေ
ကိုယ်မှလူချင်းတွေ့ရတာမှမဟုတ်တာ ဘာအရှုံးရှိလဲပေါ့နော်၊ တော်ကြာကံကောင်းထောက်မပြီး ပုံထဲက ကောင်မလေးက တကယ်ဆိုလဲ နိပ်ဟ ဆိုပြီးတော့ပျော်တောင်နေသေးတယ်
ပိုဆိုးတာက ကောင်မလေးပုံဘေးမှာ (အရမ်းပျင်းနေတယ်ကွာ) ဆိုတဲ့ Status လေးနဲ့ မီးလေးစိမ်းနေလို့ကတော့.. ဟဲဟဲ ကိုယ့်ဆရာတွေ ဖိုးကျိုင်းတုတ် ဖြစ်ပြီး (တို့လဲပျင်းနေတယ်) ဆိုတာကနေစလိုက်တာ နောက်ဆုံး ကိုယ့် Information တွေ အကုန် အိပ်သွန်ဖာမှောက် ဖြစ်လို့ဖြစ်ကုန်မှန်းမသိတော့တဲ့အထိ။
ဒီလို မျိုးဖြစ်ဖူးတာ ယောက်ျားလေးတွေအများစုလို့ဘဲပြောတာနော် မိန်းကလေးတွေမပါဘူးလို့ မပြောပါဘူး
မိန်းကလေးတွေဆီကိုလဲ ဒီနည်းနဲ့ အလားတူချဉ်းကပ်တတ်ပါတယ် နည်းလမ်းတော့နည်းနည်းကွာချင်ကွာမယ်လေ
ဥပမာ sai2kl@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it ဆိုပါတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ email လို့ထင်စရာဘဲပေါ့နော်
ထပ်ပြောပါရစေ... ဒီ email တွေအားလုံးက ကျွန်တော် ဥပမာ လုပ်ရေးထားတာနော် တကယ်ရှိချင်လဲရှိမယ် တလွဲမကောက်ကြပါနဲ့
အဲဒါမျိုးဘဲဖြစ်ဖြစ် emo design နဲ့ အသေရှိုင်းပြီး ကော့နေတဲ့ rocker ပုံလေးလဲဖြစ်နိုင်တယ်
Linkin Park ပုံစံနဲ့ Jacket ဗြောင် အပါးကို Zip တပ်ပြီး ကျွဲကော်ကိုင်း မျက်မှန်အမဲကို အလှတပ်ထားတဲ့ မင်းမော်ကွန်း နဲ့ ခပ်ဆင်ဆင် ချာတိတ် လေးတစ်ယောက်ပုံလဲ ဖြစ်ချင်ဖြစ်မယ်
ကျွန်တော်ဆိုလိုတာ သဘောပေါက်ကြမှာပါ ဒါမျိုးတွေ ကိုယ်တိုင်လဲ ကြုံဖူးကြမှာပါဘဲ
တစ်ခုတော့ အမြဲသတိရကြပါဗျာ
အဲဒိလို နာမည်ဆန်းဆန်းလှလှတွေက ဘယ်တော့မှအမည်ရင်းတွေမဟုတ်ဘူး
အပြင်မှာပါ တကယ် နာမည်ဆန်းဆန်း လှလှလေးပိုင်တယ်ဆိုရင်တောင် chat လုပ်မယ့် email မှာ နာမည်ရင်းကြီးတင်ရအောင်ဘယ်လူငယ်မှ မအ ကြဘူး
icon က ဓါတ်ပုံဆိုတာ ကိုယ်ကမြင်နေရတယ်လို့ မအောက်မေ့နဲ့ သူကကိုယ့်ကို မြင်စေချင်တာကိုဘဲ တွေ့နေရတာဆိုတာနားလည်ထားပါ။
နောက်ပြီး My Space တို့လို Asian Teen forums တွေမှာ ကောင်လေး ကောင်မလေး ပုံလှလှလေးတွေ ကြိုက်သလောက် သွားရှာပြီး
Right Click နှိပ်ပြီး Save Picture As.. ဆိုတာလေးက ၅ စက္ကန့် တောင်မကြာဘူးဆိုတာအမြဲသိထားပါ။
Looks can be deceiving ဆိုတာ မမေ့ကြပါနဲ့
နောက်ပြီး ကိုယ်က ရုပ်ရှင်မင်းသား/မင်းသမီး လဲမဟုတ် နာမည်ကြီး Celebrity လဲမဟုတ် High Profile, Public Figure တစ်ယောက်လဲမဟုတ်ဘူးဆိုရင် ဘာကြောင့်ကိုယ့်ကို တစ်ခါမှမသိဖူးတဲ့ သူစိမ်းတစ်ယောက်က Gmail ထဲမှာ contact အနေနဲ့ add လာလုပ်တာလဲဆိုတာလဲ တွေးကြည့်စရာပါဘဲ
email address ဆိုတာ မြေပြင်ပေါ်ကအိမ်လိပ်စာလို ကိုယ်နဲ့မသိတဲ့သူစိမ်းတစ်ယောက် မျက်စိလည်လမ်းမှားပြီးရောက်လာတတ်တာမျိုးမဟုတ်ပါဘူး
တနေရာရာကနေ စနစ်တခုနဲ့ တယောက်ယောက်က အတိအကျပေးလိုက်မှ Communication ကို Initiate လုပ်လို့ရပါတယ်
ဒီတော့ email ဖွင့်လိုက်လို့ apyosinlay@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it wants to be able to chat with you. Accept! yes or no? ဆိုတာမျိုးတွေ့တာနဲ့...
အလဲ့ တယ်ဟုတ်တဲ့ငါပါလား အီစီကလီ လုပ်ရချည်သေးရဲ့ ဆိုပြီးအူးယားဖားယားတန်း accept မလုပ်ခင်မှာ
နေပါဦး သူငါ့ address ကိုဘယ်သူ့ဆီကရတာလဲ ဘာလို့ ငါနဲ့ ဆက်သွယ်ချင်ရတာလဲ ဆိုတာလေး ကို အရင် နဲနဲစုံစမ်းမေးမြန်းသင့်ပါတယ်
ပြီးရင် ကိုယ်ယုံရတဲ့ (လူအကောင်လိုက်ပါ မြင်ဖူးသိဖူး စကားပြောဖူးတဲ့) သူငယ်ချင်းတွေနဲ့လဲ လူသစ်တွေအကြောင်းမသင်္ကာရင် သူတို့ဆီမှာပါ အဲဒိ email address နဲ့ လာ add လုပ်တဲ့သူ ရှိမရှိ မေးမြန်းဖလှယ်ကြပါ။
အဲလိုမှ email address တစ်ခုထဲကနေ ကိုယ့်ကိုရော သူငယ်ချင်းတွေကိုရော လိုက် add ထားတယ်ဆိုရင် သေချာတာက ကိုယ့်ဆီကဖြစ်ဖြစ် ကိုယ်နဲ့ email လုပ်နေကျ မိတ်ဆွေတွေဆီကဖြစ်ဖြစ် ဒီလိပ်စာတွေ ကို အဲဒိလူရထားပြီးပါပြီ
ရိုးသားတဲ့လူတစ်ယောက်ဟာ ဒီလို လုံးဝလုပ်စရာအကြောင်းမရှိသလို လုပ်လေ့လုပ်ထလဲမရှိကြပါဘူး။
နောက်တစ်ခုနားလည်ထားရမှာက လူတစ်ယောက်ရဲ့ Contact Invitation ကို လက်ခံလိုက်တယ်ဆိုတာ နည်းပညာအရ ကိုယ့်ရဲ့ Security Level ကို သူ့အတွက် တစ်ဆင့်လျှော့ချပေးလိုက်တာပါဘဲ
contact အဖြစ်လက်ခံထားပြီးသား လူတစ်ယောက်က ကိုယ့်ဆီက လိုသမျှ data တွေ ခိုးယူလို့ ပိုလွယ်သွားပါပြီ
ဒုက္ခပေးနိုင်တဲ့ Virus တွေ Spyware တွေလဲ ပို့ခွင့်ရှိသွားပါပြီ
ကိုယ့် email server က ကိုယ့်အတွက် ကာကွယ်ပေးထားတဲ့ Spam Blocker ကိုလဲ Auto Bypass လုပ်ပေးပြီးသားဖြစ်သွားပါပြီ။
ဒါဘာနဲ့တူလဲဆိုရင် တံခါးလာခေါက်တဲ့ တစ်စိမ်းတစ်ယောက်ကို တံခါးဖွင့်ပြီး ပေးဝင်လိုက်သလိုပါဘဲ။
သူအိမ်အပြင်မှာတုန်းက ကိုယ့်ကိုဒုက္ခပေးနိုင်တာထက် အိမ်ထဲကိုပေးဝင်မိပြီးမှ ပေးနိုင်တဲ့ အန္တရာယ်က ပိုကြီးသလို ခုခံရတာလဲ ပိုခက်ပါတယ်။
တစ်လက်စထဲ သိပ်နားမလည်တဲ့ မိတ်ဆွေတစ်ချို့ မကြာခဏ မေးလေ့ရှိတဲ့ BCC အကြောင်းလေးပါပြောပြပါရစေ
ကိုယ်ကလူအများကြီးဆီကို email ပို့တော့မယ်ဆိုရင် လက်ခံရတဲ့သူက ကိုယ်နဲ့ ဘယ်သူတွေအဆက်အသွယ်ရှိနေသလဲဆိုတာ TO: ဆိုတဲ့ box ကလေးထဲက ကိုယ်ပို့ထားတဲ့ Address တွေကနေတဆင့်သိနိုင်ပါတယ်
ဒါကို ကာကွယ်ဖို့ BCC ဆိုတဲ့ Box ကလေးကို အသုံးပြုရပါတယ်
စာမရေးခင် အရင်ဆုံး ကိုယ်ပို့ချင်တဲ့ လူတွေ တစ်ယောက်ခြင်းဆီဘဲဖြစ်ဖြစ် တစ်ချို့ဘဲဖြစ်ဖြစ် ကိုယ့် Contact တွေအကုန်လုံးကို Select All လုပ်ပြီးတော့ဘဲဖြစ်ဖြစ်ရွေးလိုက်တာနဲ့ TO: ထဲမှာပေါ်လာပါလိမ့်မယ်
အဲဒါကို အရင် Right Click နှိပ်ပြီး Select All လုပ်ပြီး Highlight လုပ်..
ပြီးတော့မှ Right Click ထပ်နှိပ်ပြီး Cut လုပ်လိုက်ပါ ဒါဆိုရင် ခုနက TO: ဆိုတဲ့ Box လေးထဲမှာ ဗလာဖြစ်ကျန်ခဲ့ပါလိမ့်မယ်
ပြီးရင် To: နဲ့ Subject Box ရဲ့ကြားက Add Bcc ဆိုတာလေးကိုနှိပ်လိုက်ရင် နောက်ထပ်ပွင့်လာမယ့် Bcc: ဆိုတဲ့ Box ကလေးထဲမှာ Right Click နှိပ်ပြီး Paste ကိုနှိပ်လိုက်ပါ
ဒါမှမဟုတ် Control + V ကိုနှိပ်လိုက်လဲတူတူပါဘဲ
ဒါဆို ခုနက TO: ထဲကပျောက်သွားတဲ့ Addresses တွေ ပြန်ပေါ်လာပါလိမ့်မယ်
ပြီးမှ ကိုယ်ရေးချင်တဲ့ဟာရေး attachment ထဲ ထည့်ချင်တာထည့်ပြီး Send နှိပ်လိုက်ပါ
ဒါဆိုရင် ကိုယ်ပို့ထားတဲ့ Address တွေကို Sender ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမမြင်ရတော့ပါဘူး
လက်ခံရသူမှာ တော့ ပို့တဲ့သူ from ဆိုတဲ့နေရာမှာ ကိုယ့် email address ပေါ်နေပြီး
to ဆိုတဲ့နောက်မှာ ဘာမှ မပေါ်တော့ပါဘူး
ဒီတော့ လက်ခံရတဲ့သူက ဒီ email ဘယ်သူ့ဆီကလာတယ်ဆိုတာကလွဲပြိး တစ်ခြားဘယ်သူတွေဆီပို့ထားတယ်ဆိုတာတော့ လုံးဝမသိနိုင်တော့ပါဘူး
မိတ်ဆွေတို့ ဘေးရန်ကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ
မျိုးချစ်
မှတ်ချက်။ ဆောင်းပါးတွင်ပါရှိသည့် ဥပမာ ပေးရန် အသုံးပြုထားသော email address များအား လက်ရှိအသုံးပြုနေသူများရှိခဲ့ပါက တိုက်ဆိုင်မှူ သက်သက်သာဖြစ်ပါသည်။
(မျိုးချစ်မြန်မာမှ ကူးယူဖော်ပြပါသည်။)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment