ဦးအောင်ဆက်ပိုင် (၂၀ အောက်တိုဘာ ၂၀၀၈)
စာရေးတတ်လို့တော့မဟုတ်ပါ။ ဆရာတော်များ၏ အဆုံးအမနှင့် ဗုဒ္ဓဘုရားရှင်ကို ပူဇော်သည့် ဘာသာရေးဆိုင်ရာ ဆောင်းပါးများသာ ရေးသားခဲ့ဖူးပါသည်။ ယခုလည်း မဖြစ်လို့ ရေးလိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ၂၄-ဝ၉-ဝ၈ နေ့က ဒေါက်တာလွဏ်းဆွေ ရေးသားခဲ့တဲ့ ‘အနှစ်နှစ်ဆယ်ကြာသေပြီဆရာ’ ဆိုတဲ့ ဆောင်းပါးကို ခေတ်ပြိုင်မှာ ဖတ်မိရင်း အများသူငါ အတွေးအမြင်မမှားကြဖို့၊ အယူအဆမလွဲကြဖို့ သိခဲ့သမျှ၊ ကြားခဲ့သမျှ ဖောက်သည်ချရတယ်ဆိုရင်လည်း ဆိုလို့ရပါတယ်။ ကျနော့်အနေနဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဆောင်းပါးကို ချေပါ ရေးသားတာမဟုတ်သလို မျိုးချစ်ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုကို ကာကွယ်ပြောဆိုလိုခြင်းလည်းမဟုတ်ပါ။ အမှန်ကိုအမှန်အတိုင်း သိမြင်နိုင်ကြပြီး ဒီမိုကရေစီရေးအတွက် ပံ့ပိုးမှုလေးတခုဖြစ်နိုင်ရင်ပဲ ကျေနပ်ပါပြီ။
ဒီနေရာမှာစပြီးပြောရရင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်းမှာပဲ တပ်မှူးဟောင်းများ (၈၅) ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပြီး နဝတအစိုးရပေါ်ပေါက်ပြီးနောက် တရားဝင်ပါတီအဖြစ် မှတ်ပုံတင် ရပ်တည်ခဲ့တာရယ်၊ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းချိန်မှာ ‘အောင်၊ စု၊ တင်’ ရယ်လို့ (၃) ဖွဲ့ စုစည်းမိကြရာမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ဦးဆောင်တဲ့အဖွဲ့အဖြစ် ရပ်တည်ပါဝင်ခဲ့တာတွေတော့ အများသိပြီး ဖြစ်ကြပါလိမ့်မယ်။
ဒီနေရာမှာ မျိုးချစ်ရဲဘော်ဟောင်းများရဲ့ အချင်းချင်းစည်းလုံးညီညွတ်မှု၊ တိုင်းပြည်အပေါ်မှာ သစ္စာရှိမှုလေးတခုကို ဥပမာပြောရရင် အရေးအခင်းကာလ အတွင်း တိုင်းပြည်ရဲ့လိုအပ်ချက်အရ မဖြစ်မနေစတင်ဖွဲ့စည်းရာမှာ အဲဒီအချိန် တနေရာနဲ့တနေရာ သွားလာဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ဦးဆောင်စည်းရုံးသူတွေအနေနဲ့ ပါဝင်သင့်သူတွေရဲ့ အမည်တွေကို ဖော်ပြ၊ သူတို့ကိုယ်စား လက်မှတ်တွေ ရေးထိုးလိုက်ရပြီး အရေး ပေါ်ကြေညာချက်တွေထုတ်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ရပါတယ်။
အရေးအခင်းပြီးတဲ့နောက် နဝတအစိုးရကနေ အဲဒီအဖွဲ့အပေါ် အန်အယ်လ်ဒီအပေါ် ချုပ်ကိုင်ကန့်သတ်အရေးယူချင်တဲ့အခါမှာ ပါဝင်နေသူ တဦးချင်းကို စစ်ထောက်လှမ်းရေးကနေ အဲဒီအဖွဲ့မှာပါဝင်နေတာ ဟုတ်ရဲ့လား၊ လက်မှတ်ရေးထိုးတာ အမှန်လားဆိုတာတွေကို မေးမြန်းစစ်ဆေးတဲ့အခါ လက် မှတ်မထိုးလိုက်ရသူတွေက သူတို့လက်မှတ်မဟုတ်ပေမယ့် သူတို့အနေနဲ့ သဘောတူ တာဝန်ယူပါကြောင်းကို တိုင်းပြည်အရေးအတွက် ကျေကျေနပ်နပ်ကြီး တုံ့ပြန်ပြောဆိုရင်း စည်းလုံးမှု၊ သစ္စာရှိမှုတို့ကို ပြခဲ့ကြပါတယ်။
အန်အယ်လ်ဒီအနေနဲ့ အောင်၊ စု၊ တင်ကနေ ဦးအောင်ကြီးကို ထုတ်ပယ်ခဲ့ရတဲ့ဖြစ်စဉ်မှာလည်း အဖွဲ့အစည်းမပြိုကွဲရေးအတွက် ဦးအောင်ကြီးကို နည်းလမ်း စုံနဲ့ ညှိနှိုင်းခဲ့ပြီး မရတဲ့အဆုံး ဦးအောင်ကြီးရဲ့ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြီးအိမ်အရောက် သွားရောက်ညှိနှိုင်းဆွေးနွေးနိုင် ရေး၊ မျိုးချစ်အဖွဲ့မှပင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ဆုံး မပြေလည်တဲ့အပြင် ဦးအောင်ကြီးကိုယ်တိုင် ဦးအောင်ရွှေထံ ဖုန်းဆက်သွယ်ပြီး သူ့အနေနဲ့ ဝါးလုံးရှည်နဲ့ရမ်းမှာဖြစ်ကြောင်း ဗိုလ်ချုပ်တို့ပဲ သတိထားနေပါဆိုတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီနောက် အန်အယ်လ်ဒီမှာ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်ကြရာမှာ မျိုးချစ်တဖွဲ့လုံးနဲ့အတူ ဦးအောင်ကြီးအဖွဲ့မှ ဦးကြည်မောင်ပါဝင်လျက် ဦးအောင်ကြီးကို ဆန့်ကျင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပံ့ပိုးခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ် အာဇာနည်နေ့အခမ်းအနားဖြစ်စဉ်ကို ပြန်သုံးသပ်ရရင် ၁၈-၇-၈၉ ရက်နေ့ အန်အယ်လ်ဒီဗဟိုမှာ အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ မျိုးချစ်အနေနဲ့ အာဇာနည်နေ့အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကြီးများ၏ နေ့ထူးနေ့မြတ်ဖြစ်သလို တမျိုးသားလုံးနဲ့ ပါဝင်ပတ်သက်နေတာလည်းဖြစ်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်တဲ့လုပ်ရပ်မျိုး မလုပ်မိစေဖို့၊ ရှောင်ရှားဖို့ အလေးထားဆွေးနွေးခဲ့ကြတာပါ။ တဖက်ကလည်း အစိုးရအနေနဲ့ တပ်အင်အားကို လိုအပ်တာထက် အဆမတန်တိုးချဲ့ချထားတဲ့အတွက် လူထုအတွက် ထည့်သွင်းစဉ်းစားရတာလည်း ပါဝင်ပါတယ်။ တကယ်တော့ သူတို့ရဲ့ လူထုခေါင်းဆောင်ကို နိုင်ငံရေးဆုံးဖြတ်ချက်တခု မှားယွင်းသွားမှာစိုးလို့ တင်ပြခဲ့ကြတာပါ။
အစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်က “အန်ကယ်တို့အနေနဲ့ ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်နောက်ကိုလိုက်မှာလား၊ ဗိုလ်နေ၀င်းရဲ့တပ်မတော်နောက်ကိုလိုက်မှာလား” လို့ မေးမြန်းခဲ့ပါတယ်။ ဒီမှာပဲ မျိုးချစ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ အန်အယ်လ်ဒီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ (ကွယ်လွန်သွားပြီဖြစ်တဲ့) ဦးချစ်ခိုင်ကနေ “ဒါဆိုရင် အဖွဲ့အနေနဲ့ရော မစုနောက်ကို လိုက်ရမှာလား၊ အန်အယ်လ်ဒီနောက်ကို လိုက်ရမှာလား” လို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
အဓိကဆွေးနွေးနေကြတာကတော့ အစိုးရနဲ့ဆန့်ကျင်ပြီး အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတက်ဖို့၊ မချီတက်ဖို့ အချေအတင်ဖြစ်နေရတာပါ။ ဒီလိုနဲ့ပဲ နောက်နေ့ အာဇာနည်နေ့ နံနက် (၄) နာရီခန့်မှာ ဒေါ်အောင်ဆန်းစုကြည်မှ ဆုံးဖြတ်ချက်ပြောင်းပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်ရုံးခွဲတွေကို ချီတက်မယ့်အစီအစဉ် ဖျက်သိမ်းဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အတန်ငယ်နောက်ကျနေတဲ့အတွက် တချို့မြို့နယ်တွေမှာ လမ်းပေါ်ရောက်နှင့်နေကြပြီး အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။
သမိုင်းကို ပြန်ပြောင်းသုံးသပ်ရလျှင် အဲဒီအချိန်က အန်အယ်လ်ဒီအတွင်းမှာလည်း “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့စကားက ရေပန်းစားနေသလို အစိုးရအနေနဲ့လည်း ပစ်ခတ်နှိမ်နင်းမယ့်အနေအထား ဦးတည်နေတဲ့အတွက် ချီတက်မှုသာဖြစ်ပေါ်ခဲ့ရင် သွေးထွက်သံယိုမှုနဲ့အတူ ပြည်သူတွေ အသက်စတေးရမယ့်အနေအထားပါ။ ဒီလိုသာဖြစ်ပေါ်ခဲ့ရင် ၁၉၉၁ မှာလည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်နိုင်ရေးဆိုတာလည်း အကောင်အထည် ပေါ်လာနိုင်မယ်မထင်ပါ။ တကယ်တော့ မျိုးချစ်တွေအနေနဲ့ လူထုခေါင်းဆောင်အပေါ်မှာရော၊ အန်အယ်လ်ဒီအပေါ်မှာရော၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာပါ အဘက်ဘက်က အပြည့်အ၀ သစ္စာ ရှိခဲ့ကြတာပါ။
အဲဒီကနေ တဆက်တည်း နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းလိုက်တဲ့ အချိန်ပိုင်းလေးမှာတင် အန်အယ်လ်ဒီ စီးအီးစီ (၄) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ခြံဝင်းအတွင်းမှာပင် တွေ့ဆုံဆွေးနွေးခွင့်တခု ရရှိခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပဲ မျိုးချစ်ကြီးများကို ယုံကြည်လေးစားပါကြောင်းနှင့် သူမမရှိစဉ် အန်အယ်လ်ဒီကို ဦးဆောင်မှုပေးပြီး ဒီမိုကရေစီရရှိရေး ဆက်လက်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်နှင်းခဲ့ပြန်ပါတယ်။
ဒီနေရာမှာ ဖြည့်စွက်ပြောပြလိုတာကတော့ အဲဒီနေ့မတိုင်ခင် ၁၄-၇-၈၉ နေ့ဟုမှတ်သားမိပါတယ်။ အဲဒီနေ့က ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ရဲ့ ဗဟိုအစည်းအဝေးကနေ လက်ရှိ အန်အယ်လ်ဒီတွင်းဖြစ်ပေါ်နေတဲ့ Confrontation လမ်းစဉ်အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် မျိုးချစ်အဖွဲ့အနေနဲ့ အန်အယ်လ်ဒီမှနေ၍ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ ကိစ္စအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရမှုတို့ ပေါ်ပေါက်ခဲ့အပြီး မျိုးချစ်များအနေနဲ့ ဘေးကျပ်နံကျပ် ဆိုက်ရောက်ခဲ့ရပြီး ဖြစ်ပေါ်လာတဲ့အခြေအနေအရ ကျရာတာဝန်ကို မညည်းမညူ ဆက်ပြီး ထမ်းခဲ့ကြရတာပါ။
တဆက်တည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပြောပြပါရစေ။ မျိုးချစ်များအနေဖြင့် အမျိုးသားခေါင်းဆောင်ဆိုတာ လုပ်ကြံဖန်တီးယူလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ သမိုင်းအတွေ့အကြုံတွေအရ အပြည့်အ၀ နားလည်လက်ခံထားကြပါတယ်။ တကယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အရွယ်ဟာ ဦးအောင်ရွှေတို့အနေနဲ့ ကြည့်ရင် သမီးအရွယ်ပါ။ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က (၄၃) နှစ်၊ ဦးအောင်ရွှေက အသက် (၇၀) အရွယ်ပါ။ မျိုးချစ်တွေအဖို့ တဖက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သလို ရဲဘော်ရဲဘက်တွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအနေအထားနဲ့ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမျိုးသားခေါင်းဆောင်အဖြစ် အပြည့်အ၀ လက်ခံထားကြပါတယ်။
ဒီနေရာမှာ အများမသိနိုင်သေးတဲ့ကိစ္စတရပ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကာလတွေအထိ အန်အယ်လ်ဒီနဲ့ န၀တတို့အနေနဲ့ တရားမ၀င်တွေ့ဆုံဆွေးနွေးမှုတွေ အများအပြားရှိခဲ့ဖူးတာပါ။ နောက်ဆုံးရွေးကောက်ပွဲနိုင်ခဲ့တဲ့အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်က အန်အယ်လ်ဒီခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့ကို တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ပြီး အန်အယ်လ်ဒီကို ဦးဆောင်လျက် အစိုးရဖွဲ့လျှင် န၀တမှ အပြည့်အ၀ထောက်ခံရပ်တည်ပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ဖယ်ထုတ်ဖို့နဲ့ အစိုးရအဖွဲ့ထဲ ဘယ်သောအခါမှ မပါဝင်စေဖို့ဆိုတဲ့ ခြွင်းချက်နဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဒါတွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေအများအပြား သိရှိကြပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို လက်မခံပယ်ချခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေရှိသလို အချို့လဲ ထောင်ချခံခဲ့ရပါတယ်။ ဒီအချက်ဟာ မျိုးချစ်တွေအနေနဲ့ ပြည်သူလူထုအပေါ်မှာရော၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော၊ ဒီမိုကရေစီကျင့်စဉ်အပေါ်မှာရော သစ္စာဖောက်မှုတွေ သွေဖည်မှုမရှိခဲ့ဘူးဆိုတာကိုပဲ ပြောပြချင်တာပါ။
ကျနော့်ရည်ရွယ်ရင်းက မျိုးချစ်များအနေနဲ့ န၀တ(နအဖ) အပေါ် ကပ်ဖားရပ်ဖား လုပ်နေတာမဟုတ်သလို လူထုနဲ့ အန်အယ်လ်ဒီအပေါ်မှာ သစ္စာစောင့်သိခဲ့တယ်။ ကိုယ်ကျိုးမဖက်ခဲ့ဘူးဆိုတာ တင်ပြလိုတာပါ။ တနည်း လူထုခေါင်းဆောင်အပေါ်မှာ အပြည့်အ၀ယုံကြည်ထောက်ခံမှု ပြုခဲ့တာပါ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment