၂၀၀၉ခုနှစ်ရဲ့ စိန်ခေါ်မှု

ယခုနှစ် ၂လပိုင်းအကုန်အထိ အီးပီအက်စ်နဲ့ နိုင်ငံခြားသားအလုပ်သမားအသစ် ခေါ်ယူတာကို ရပ်တန့်ထားပါတယ်။
ယခုနှစ်အတွက် ခေါ်ယူမယ့် နိုင်ငံခြားသားအလုပ်သမားဦးရေဟာလည်း တော်တော်လျော့မယ့် အနေအထားမှာ ရှိနေပါတယ်။
၁၂လပိုင်း ၃၀ရက်နေ့က အလုပ်သမားဝန်ကြီးဌာန(နိုဒုန်ဘူး)ရဲ့ ထုတ်ပြန်ချက်အရ အစိုးရက လိုအပ်တဲ့ အလုပ်သမား အရေအတွက် ပြည့်သွားလို့ နိုင်ငံခြားသားအလုပ်သမားဦးရေ အသစ်ခေါ်တာကို ရပ်ဆိုင်းထား မယ်လို့ သိရပါတယ်။
အစိုးရက ၂၀၀၈ခုနှစ်အတွင်း ခေါ်ယူတဲ့အလုပ်သမားဦးရေက ၇သောင်း၂ထောင်ဖြစ်ပြီး နှစ်တိုင်း နိုင်ငံခြားသား အလုပ်သမားအင်အား တင်သွင်းခြင်း မူဝါဒဆိုင်ရာ ကော်မတီကိုဖွင့်ပြီး လိုအပ်တဲ့ အလုပ်သမားဦးရေကို ၂လပိုင်း အထိ ခေါ်ယူခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ယိုယွင်းနေတဲ့ စီးပွားရေးအခြေအနေကြောင့် နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်အကိုင် အခြေအနေ ယိမ်းယိုင်လာတာကို တားဆီးနိုင်ဘို့ ကိုရီးယားနိုင်ငံသားတွေအတွက် အလုပ်နေရာတွေ ဖန်တီးပေး ဘို့ဆိုပြီး အစိုးရက စီစဉ်နေပါတယ်။
လက်ရှိမှာ စီးပွားရေးယိုယွင်းမှုကြောင့် လုပ်ငန်းတွေ တော်တော်များများ ဒေ၀ါလီတွေခံနေကြရ၊ အလုပ်တွေ ရပ်ဆိုင်းထားရပြီး အထောက်အထားမဲ့(တရားမ၀င်)အလုပ်သမားအဖြစ်ကို ပြောင်းလဲ ဖြစ်ပေါ်လာမယ့် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အခြေအနေတွေကလည်း အစိုးကို အကြပ်ရိုက်စေခဲ့ပါတယ်။
လက်ရှိ အလုပ်ကနေပြီး ပြောင်းချင်လို့ လျှောက်ထားတဲ့ အလုပ်သမားတွေကလည်း ၂၀၀၈ခုနှစ် ၁လပိုင်းတုန်းက ၃၆၀၀ဦးရှိခဲ့ရာကနေ နှစ်ကုန်ပိုင်းမှာ ၆၂၀၀အထိ တိုးမြင့်လာပါတယ်။
ဒီလို တောင်းခံထားတဲ့သူတွေကလည်း ၂လအတွင်း အလုပ်နေရာမရဘူးဆိုရင် လက်ရှိ ဥပဒေအရဆိုရင် ပြည်တော်ပြန်ပေးရမှာဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနကတော့ အလုပ်နေရာပြောင်းပေးဘို့ တောင်းထားတဲ့သူတွေကို အရင် ဦးစားပေးပြီး စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
ဒါကလည်း အဲဒီလူတွေ တရားဝင်အနေအထားနဲ့ဆက်ပြီး အလုပ်လုပ်ကိုင် နေထိုင်နိုင်အောင်လို့ဆိုပါတယ်။
ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနရဲ့ အရင် ဆောင်ရွက်ပေးရမယ့်တာဝန်က ကိုရီးယားနိုင်ငံသား အလုပ်လက်မဲ့တွေအတွက် အလုပ်နေရာ အရင် ဖန်တီးပေးဘို့ဖြစ်နေတော့ လက်တွေ့မှာ နိုင်ငံခြားသား အလုပ်သမားတွေအတွက် အလုပ်နေရာရဘို့ဆိုတာ အခက်အခဲတွေ ရှိနိုင်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနဟာ တရားရေးဝန်ကြီးဌာနနဲ့ ညှိုနှိုင်းပြီး ကိုရီးယားနွယ်ဝင်တရုတ်လူမျိုးတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ လက်ခံ လုပ်ကိုင်ခွင့်ပေးနေတာကို ကန့်သတ် ထားတယ်လို့ ထုတ်ပြန်ထားတာရှိခဲ့ပါတယ်။
အထူးသဖြင့် နိုင်ငံခြားသားအလုပ်သမားတွေကို ပြည်တွင်းအလုပ်နေရာတွေမှာ အသံုးပြုပေးမယ့် လုပ်ငန်းရှင်တွေကို တယောက်ကို ၀မ်၁၂သိန်းစီ ထောက်ပံ့မယ်လို့ စီစဉ်ပါတယ်။
ယခုနှစ် ၃လပိုင်းကစပြီး တင်သွင်းမယ့် နိုင်ငံခြားသားအလုပ်သမားဦးရေကိုတော့ ၂လပိုင်းအလယ်လောက်မှာ ကြေညာပေးမယ်လို့ဆိုထားပေမယ့် စီးပွားရေးအခြေအနေအရ တင်သွင်းမယ့်ဦးရေဟာ တော်တော်နည်းပါးမှာ ဖြစ်တယ်လို့ဆိုထားတဲ့ အလုပ်သမားဝန်ကြီးဌာနအရာရှိရဲ့ ပြောဆိုချက်၊ ကိုရီးယားကိုလာဖို့ ကြိုးစားနေကြတဲ့ အတိုင်းတိုင်းအပြည်ပြည်က နိုင်ငံသားများ၊ လက်ရှိ ၁၁သိန်း ၇သောင်းကျော် ကိုရီးယားတွင်း နေထိုင်တဲ့ နိုင်ငံခြားသားများအကြား အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေထိုင်နေကြတဲ့ ၂သိန်း၁သောင်းသော အလုပ်သမားများကို ၂သောင်းအထိလျော့ချပြစ်မယ်လို့ ကြုံးဝါးနေတဲ့ အီမြောင်ဘာ့ဂ်အစိုးရတို့ဟာ ၂၀၀၉ခုနှစ်ရဲ့ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။


0 comments:

  © Blogger template 'Neuronic' by Ourblogtemplates.com 2008

Back to TOP