ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများတွင် မိဘဟူသည် ဘုရားနှင့် တဂိုဏ်းထဲ ထားအပ်သော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအဖြစ် အလေးအမြတ်ပြုကြပါသည်။ မိဘကျေးဇူး မကျေတောင်မှ မိဘကို စိတ်ဆင်းရဲအောင် ဘယ်သောအခါမျှ မပြုကြရပါ။ မိဘမျက်ရည်တစက် သားသမီး ဆင်းရဲတသက်ဟု ဆိုစကား ရှိပြန်ပါသေးသည်။
ဒီလိုသာ အမှန်ဆိုရင်တော့ ကျနော်နှင့်တကွ ဘ၀တူ လုပ်ဘော်ကိုင်ဘက်များ ဤတသက် ချမ်းသာစရာ မမြင်တော့ပေ။ အမှန်လည်း ကျနော်တို့ဘ၀တွေက ယခုအလုပ်နှင့် ကြီးပွားတိုးတက်စရာ မမြင်ပါ။ သို့သော်လည်း ၀ါသနာနှင့် အနစ်နာခံကာ ကိုယ်ယုံကြည်ရာ လမ်းကြောင်းအတိုင်း အခက်အခဲများကြားမှ ရုန်းကန်လှုပ်ရှားနေလျက်ပင်။
ကိုယ့်အတွက် မိဘတွေ စိတ်ဆင်းရဲရစေသော်လည်း အများအတွက်၊ ပြည်သူနှင့် နိုင်ငံအတွက် အနည်းငယ်မျှ အမှန်တရားကို ဖော်ထုတ်ခွင့် ရလိုက်သည်နှင့် ကျနော်တို့အပြစ်တွေ ကျေပေမည်ဟု ယုံကြည်ထားပါသည်။ ကျနော်တို့ဆိုသည်မှာ အတားအဆီး၊ အကျပ်အတည်းများကြားမှ ထောင်နုတ်ခမ်းဝ နင်းကာ လျှောက်လှမ်းလုပ်နေရသော မြန်မာပြည်က ဂျာနယ်လစ်၊ ပြည်တွင်းသတင်းဂျာနယ်များမှ သတင်းထောက်အချို့ ဖြစ်ပါသည်။
ကျနော်၏ မိခင်ရော၊ ဖခင်ပါ ကျနော့်ကို အဝေးကနေ တတွတ်တွတ် လှမ်းမှာကြသည်က … "သား … ပြောမှားဆိုမှား၊ အရေးမှားတွေ မဖြစ်ပါစေနဲ့နော်။ သား တခုခုဖြစ်သွားရင် အမေတို့ ရင်ကျိုးရချေရဲ့" ဟု မကြာခဏ အမှာစကားဆိုသည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှ စတင်ကာ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးနှင့် ပြီးခဲ့သည့်နှစ် တနှစ်လုံးအတွင်း ပြည်တွင်း သတင်းဂျာနယ်လစ်များ၏ ဘ၀က လုံခြုံမှုမရှိတော့သော အနေအထားသို့ ရောက်ခဲ့ပါသည်။
ပြည်သူ့ထံ သတင်းအခြေအနေမှန်များ ရေးသားတင်ပြခွင့် မရသော အနေအထား ကျဉ်းထဲကျပ်ထဲမှ ရသမျှ အခွင့်အရေးကို အသုံးချကာ လိမ္မာပါးနပ်စွာ ကျနော်တို့တတွေ သတင်းများ လှည့်ပတ်ရေးသား ဖော်ထုတ်ခဲ့ကြပါသည်။ ဤသို့သော အနေအထားအတွင်းပင်လျှင် ကံမကောင်း အကြောင်းမလှသူတို့မှာ နအဖ စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးချုပ်နှောင်၊ ထောင်သွင်းအကျဉ်းကျ ခံခဲ့ကြရပြန်သေးသည်။
စက်တင်ဘာ တော်လှန်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဂျာနယ်လစ်များ၊ နာဂစ်အလွန် ဖမ်းဆီးခံခဲ့ကြရသူများ၊ ဘာအပြစ်မှ မရှိပါဘဲ အမှုဆင် လုပ်ကြံခံရကာ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသော သတင်းစာသမား ဂျာနယ်လစ်တွေ များလှချေပြီ။
မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ် ကိုသက်ဇင်၊ ရုံးအဖွဲ့မှူး ဦးစိန်ဝင်းမောင်၊ မြန်မာထရီဗြုန်းဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်း၊ ကိုဥာဏ်လင်းအောင်၊ ကိုကျော်ကျော်သန့်၊ အီကိုဗီးရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦး၊ ကိုဇော်သက်ထွေး၊ နယူးဝပ်ခ်ျဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်တို့မှာ လူမဆန်သော နအဖ၏ အကျဉ်းထောင်များအတွင်း ဖိနှိပ်အကျဉ်းကျ ခံစားနေကြရဆဲ။ ဂျာနယ်လစ်တွေ ခြေတလှမ်းမှားသည်နှင့် တရားစွဲအမှုဆင် ထောင်ချနိုင်သည်ဆိုသည့် ခြိမ်းခြောက်မှုမျိုးကိုလည်း ဖလားဝါးနယူး သတင်းဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို ၃ လကြာ ထောင်သွင်း အကျဉ်းချခဲ့ပုံမျိုးဖြင့် ဥပမာပြထားပြန်သေးသည်။
ပြည်ပကို သတင်းအပို့ကောင်း၍ ဖုန်းအပိတ်ခံရသော ပြည်တွင်းမှ နိုင်ငံခြားသတင်းထောက်များလည်း ရှိပါသေးသည်။ ဖုန်းတလုံး မြန်မာကျပ်ငွေ သိန်း ၂၀ ခန့်ပေးဝယ်၍ ကိုင်ကြရသည့် မြန်မာပြည်တွင်းမှာတော့ ဤအနေအထားက ကြီးမားလှသော ဆုံးရှုံးမှုပင်။ သက်ဆိုင်ရာ ၀န်ကြီးဌာနများကို စာအဆင့်ဆင့် တင်ပြသော်လည်း ဘယ်ဌာနကမှ မိမိတို့ တာဝန်ပါဟု ၀န်မခံဘဲ ဟိုဌာနလိုလို၊ ဒီဌာနလိုလို ပုတ်ထုတ်ခဲ့ကြသည်ဟု ကြားသိရပြန်သည်။
လက်ရှိ ပြည်တွင်းဂျာနယ်လစ်များ အနေအထားမှာ သွားသတိ၊ မေးသတိ၊ ရေးသတိ၊ ဖြေသတိ အနေထားဖြင့် သတိကြီးစွာထားကာ လုပ်ကိုင်နေကြရသော အခြေအနေပင်။ စာပေစိစစ်ရေးဟူသော ဌာနကလည်း တင်သမျှစာကို ဖြတ်တောက်စိစစ်၊ စိတ်တိုင်းကျ ဖြုတ်ပယ်ထားပြီးသည့် အနေအထားမှာ သူတို့ ခွင့်ပြုပေးလိုက်သော သတင်းတပုဒ် ကံမကောင်းစွာ ပြဿနာကြုံရပါက သူတို့နှင့်မဆိုင် ဘေးထိုင်နေပေတော့သည်။ ပို၍ ဆိုးဝါးသော အဖြစ်များကား ၀န်ကြီးဌာနများနှင့် ငြိကြရသော သတင်းများပင်။ ကံဆိုးလှသော ထိုဂျာနယ်များမှာ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်ကြရပါသည်။
ဤသို့သော အခြေအနေများကပင် ကျနော်တို့၏ မိဘများ စိတ်ဆင်းရဲစေရသော အနေအထားပင် ဖြစ်ပါသည်။ ကျနော်၏ မိဘများဆိုလျှင် ကျနော့်ကို အလုပ် ပြောင်းလုပ်ခိုင်းနေသည်မှာ မကြာခဏ ဆိုသလိုပင်။
ကျနော့်မှာကလည်း ဤအလုပ်မှလွဲလျှင် တခြား ဘာအလုပ်မှ မလုပ်တတ်၊ မလုပ်ချင်။ လက်ရှိအလုပ်နှင့် တိုင်းပြည်နှင့် လူမျိုး အကျိုးပြုမှု အမှန်တကယ် လုပ်နိုင်မည်ဟု ယုံကြည်လက်ခံထားသည့်အလျောက် မည်သို့ အခြေအနေကြုံကြုံ သတင်းစာဆရာ ဂျာနယ်လစ်တယောက် အဖြစ်သာ ရပ်တည်သွားမည်ဟု ခေါင်းမာမာဖြင့် ဆုံးဖြတ်ထားပါသည်။ မိဘများ စိတ်ဆင်းရဲရသည့်အတွက် ကန်တော့တောင်းပန်ရပေမည်။
ဆောင်းပါးရှင် `ပြည်တွင်းသတင်းထောက်တဦး´၏ဆောင်းပါးကို မဇ္ဈိမ သတင်းဌာနမှကူးယူဖေါ်ပြပါသည်။
သတင်းသမားဘဝ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment